Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် အကန့်အသတ်ဖြင့် ရေဖြန့်ဝေနေရသောကြောင့် ဒေသခံများ ရေသုံးစွဲမှု အခက်တွေ့နေ

ABN- ရှိုင်းမိုး

ပုဏ္ဏားကျွန်းတွင် ကန်တော်ကြီးဆည်မှ ရေကို အကန့်အသတ်ဖြင့် ဖြန့်ဝေနေရသဖြင့် ဒေသခံများမှာ သောက်သုံးရေ သုံးစွဲမှု အခက်တွေ့နေကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့တွင်း ရေအသုံးပြုမှုအတွက် ဂူဝဘုရားအနီးရှိ ကန်တော်ကြီးဆည်မှ ရေကို ပိုက်လုံးဖြင့် ဖြန့်ဝေသုံးစွဲနေခြင်းဖြစ်ပြီး လက်ရှိတွင် ကန်တော်ကြီးဆည်၌ ရေနည်းလာပြီဖြစ်သောကြောင့် ၁ ပတ်လျှင် ၂ ရက်သာ ရေဖြန့်ဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့​ကြောင့် မြို့သူ၊ မြို့သားများမှာ ရေမလောက်ငှ၍ အချို့မှာ ရေသန့်ဝယ်သောက်ပြီး အချို့မှာ အောင်မင်္ဂလာရေကန်နှင့် ပြည်တော်သာရေကန်တို့မှ ရေကို ခပ်ယူသုံးစွဲနေရကြောင်းသိရသည်။

“သူတို့ ၁လမှာ ၂ ကြိမ်ပေးတဲ့အခါပေးပါတယ်၊ ၁၀ ရက် ၁ ကြိမ်ပေးချင်ပေးပါတယ် ၊ ရေက မလောက်ပါဘူး၊ ကျွန်မတို့ ရေသန့်ဝယ်ပြီး သောက်နေရပါတယ်၊ သုံးရေကိုလည်းဝယ်သုံးနေရပါတယ်၊ တချို့လူတွေဆိုရင် အနီးနားကန်က ရေကို ခတ်သောက်ကြပါတယ်၊ ရေကန်နှင့်အလှမ်းဝေးတဲ့သူတွေဆိုရင် ဝယ်သုံးရပါတယ်၊ ဝယ်သုံးရတာက အဆင်မပြေပါဘူး” ဟု မြိုခံသူတစ်ဦးဖြစ်တဲ့ ‌ဒေါ် သန်းမကြီးကပြောပါတယ်။

ရေပေးဝေခအတွက် ၁ လလျှင် ၃၀၀၀ ကျပ် ပုံမှန်ပေနေရပြီး တပတ်ကို ၂ ရက်ခန့် ရေပေးသော်လည်း ၁ ရက်လျှင် ၁ နာရီခန့်သာ ပေးကြောင်း နောက်ထပ် မြို့ခံ တစ်ဦးက ပြောသည်။

“ရေရောက်ချိန်ကလည်း ပုံမှန် သတ်မှတ်လို့မရှိပါဘူး။ တခါတလေဆို ညဖက် လူအိပ်ချိန်မှ လာတယ်။ လာတော့လည်း ၁ နာရီလောက်ပဲ လာပါတယ်။ ရေခတော့ လကုန်တိုင်း ၃၀၀၀ ပုံမှန်ပေးနေရတာပါပဲ” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့သူ၊ မြို့သားများမှာ မတ်လနှင့် ဧပြီလများတွင် ကန်တော်ကြီးဆည် နှစ်စဉ် ရေခမ်းခြောက်သွားသည့်အတွက်ကြောင့် သောက်သုံးရေမလောက်ငှမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေကြရသည်။

ယခုနှစ်တွင်မူ မိုးရာသီက မိုးနည်းခဲ့သည့်အတွက် ဆည်ကန်နှင့် တွင်းကန်များတွင် ရေလုံလောက်စွာ မရရှိခဲ့သည့်အတွက် ရခိုင်တွင် ရေပြတ်လပ်မှု ပြဿနာနှင့် ကြုံလာရနိုင်ကြောင်း တွေ့ရှိရသည်။

ထို့အပြင် စစ်တွေမြို့ရှိ ကန်တော်ကြီးတွင်လည်း ယခုအခါ ရေခမ်းခြောက်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်ရှိ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်နှင့် တခြားမြို့နယ်အချို့တွင်လည်း နှစ်စဉ်နွေရာသီရောက်တိုင်း ရေခမ်းခြောက်မှုပြဿနာကို ရင်ဆိုင်ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ