Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် သားမိ ၃ ဦး မှိုတောက်၍ ဆေးရုံတင်ထားရ

ပုဏ္ဏားကျွန်းတွင် သားမိ ၃ ဦး မှိုတောက်၍ ဆေးရုံတင်ထားရ

ABN-ကိုဟိန်းထွန်း

ဇွန် ၃၀ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်း၊ ရွာချေတွင် သားမိ ၃ ဦး မှိုစားခဲ့ရာမှ အစာအဆိပ်သင့်၍ ဆေးရုံတင်ထားရကြောင်းသိရသည်။

မှိုတောက်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာမှ အသက် ၃၀ နှစ်အရွယ် မိခင် ဒေါ်ငွေဆန်းဦး၊ အသက် ၁၁ နှစ်အရွယ် သမီး နွယ်နွယ်ဝင်း နှင့် အသက် ၆ နှစ်အရွယ် သား ဘုန်းမြတ်ဟိန်းတို့ဖြစ်သည်။

၎င်းတို့သည် ယနေ့ နံနက် ၈ နာရီခန့်က သရက်ပင်အောက်၌ ပွင့်နေသော ဂေါင်းနီမှိုကိုခူးပြီး ချက်ပြုတ်စားသောက်ခဲ့ရာ နေ့လယ် ၁ နာရီတွင် သမီးဖြစ်သူ အရင်ဆုံး အော့အံခဲ့ပြီး မိခင်ကသူရဲ့သမီးကိုဆေးရုံသို့လိုက်ပို့ရာ လမ်းတွင် ခေါင်းမူးပြီးလဲကျသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ABN သို့ပြောသည်။

“သရက်ပင်အောက်ကပွင့်နေတဲ့ ဂေါင်းနီမှိုကို ချက်ပြုတ်စားသောက်တယ်၊ ၁ နာရီလောက်နေတော့ သမီးကအရင်အံတယ်၊ သမီးကိုဆေးရုံသို့လိုက်ပို့တဲ့လမ်းမှာ သူ့အမေလည်း ခေါင်းမူးပြီးလဲကျသွားတယ် ” ဟု ဆိုသည်။

ဖြစ်သည်နှင့်တပြိုင်နက် ဆေးရုံသို့သွားခဲ့သည့်အတွက် အချိန်မီ အသက်ကိုကယ်လိုက်နိုင်ကြောင်း ဆွေမျိုးထံမှသိရသည်။

အမိ နှင့်သမီးကို ဆေးရုံတင်ထားရချိန်တွင် သားဖြစ်သူဘုန်းမြတ်ဟိန်းသည် ကျောင်းတက်နေရာမှ အော့အံခဲ့ပြီး အစာအဆိပ်သင့်၍ ဆေးရုံသို့ ယူလာခဲ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေဆန်းဦးက ABN သို့ပြောသည်။

“ကျမတို့သားမိ၂ ယောက် ဆေးရုံမှာပါ၊ သားကကျောင်းတက်နေပါတယ်၊ အော့အံတယ်လို့ပြောသံကြားတော့ ဆေးရုံကိုပို့လိုက်လို့ပြောလိုက်ပါတယ်၊ သားမိ ၃ ယောက် ဖြစ်သွားတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု ဆိုသည်။

အဆိပ်သင့်သူ တစ်ဦးချင်းစီတိုင်းကို Glucose ၃ ပုလင်းစီချိတ်ထားရပြီး အသက်အန္တရာယ်အတွက် ထိခိုက်စိုးရိမ်မှုအခြေအနေတွင်မရှိကြောင်းသိရသည်။

အဆိပ်ဖြစ်စေတတ်သောမှိုများကို မစားရန်နှင့် မှိုအများအစုလည်း အဆိပ်ဖြစ်စေသည်ဟု အလယ်ချောင်းတိုက်နယ်ဆေးရုံမှ ဆရာဝန်က ABN သို့ပြောသည်။

“အဓိကတော့ အဆိပ်ဖြစ်တတ်တဲ့ မှိုတွေကိုမစားပါနဲ့ ၊ မှိုတွေဟာလည်းအဆိပ်ရှိတဲ့အရာ ဖြစ်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မင်းဂံရွာမှ ကလေးငယ်တစ်ဦးသည် ကွမ်းစိုက်ခင်းထဲက မှိုကို ပါးစပ်ဖြင့်မြည်းကြည့်ရာမှ အစာအဆိပ်သင့်ပြီး ည ၇ နာရီကျော်အချိန်တွင် အလယ်ချောင်းဆေးရုံသို့ အမြန်ယူလာပြီး ဆေးကုသမှုခံခဲ့ရကြောင်းသိရသည်။

ရခိုင်တွင် ယခုလအတွင်း မှိုစားပြီးအစာအဆိပ်သင့်သူ ၆ ဦးကျော်ထိ ရှိလာခဲ့ကြောင်း ABN က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ