Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပီချောင်းတွင် ၁၀ နှစ်ကြာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် မူဆလင်ကျောင်းသားများ အလယ်တန်းပညာ သင်ကြားနိုင်ရေး ပီချောင်းအင်စတီကျုက တာဝန်ယူပြုလုပ်ပေးနေ

၁၀ နှစ်ခန့်ကြာ အလယ်တန်းပညာ သင်ကြားခွင့် ဆုံးရှုံးနေသည့် ပီချောင်းဒေသရှိ မူဆလင်ကျေးရွာများမှ ကျောင်းသား/သူ များမှာ ယခု ၂၀၂၂ ပညာသင်နှစ်တွင် ပီချောင်းအင်စတီကျု၏ အကူအညီအထောက်အပံ့ဖြင့် စာသင်ခွင့်ရနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် ပီချောင်းဒေသရှိ မူဆလင်ကျေးရွာ ၉ ရွာမှ မူဆလင် ကျောင်းသူ/သားများမှာ ၂၀၁၂ ခုနှစ် မူဆလင်အဓိကရုဏ်းဖြစ်ပြီးကတည်းက ရခိုင်ရွာများနှင့် ကူးလူးဆက်ဆံရေး ပြတ်တောက်ကာ အလယ်တန်း၊ အထက်တန်းအဆင့် ပညာများကို ၁၀ နှစ်ကြာ သင်ကြားခွင့် မရဘဲ ဖြစ်နေခဲ့ကြရသည်။

ယခုနှစ်တွင် ထိုမူဆလင်ကျေးရွာများမှ အလယ်တန်း ကျောင်းသူ/သားများ ပညာသင်ယူနိုင်ရေးအတွက် ပီချောင်းအင်စတီကျုမှ တာဝန်ယူ စီစဥ် ထောက်ပံ့ပေးထားကြောင်း ပီချောင်းအင်စတီကျုတည်ထောင်သူ ဝဲကြီးထောင့်ဆရာတော် ဦးစန္ဒာဝရက Arakan Bay News ကိုပြောသည်။

မူဆလင်အရေးအခင်းဖြစ်တာကလည်း ၁၀ နှစ်လောက်ကြာလာတယ် ရက္ခိုင့်တပ်တော်ကလည်း ဒီဒေသမှာ လွှမ်းမိုးလာတယ်။ တပ်တော်ကလည်း အမြင်တစ်ခု ချပြလာတဲ့အခါ သူတို့ (မူဆလင်) တွေကို ရွာအနီးအနားမှာ အလယ်တန်းပညာကို သင်ယူနိုင်အောင်လို့ ဆရာတော်တို့က သင်ကြားရေးပိုင်းကို တာဝန်ယူပြီး သင်ပေးနေတာပါ ဟု မိန့်ကြားသည်။

ပီးချောင်းဒေသရှိ မူဆလင်ကျေးရွာများတွင် အစိုးရပညာသင်ကျောင်းအနေဖြင့် မူလတန်းပညာသင်ကျောင်းများသာ ရှိပြီး ၂၀၁၂ ခုနှစ်မတိုင်မီအထိ ထိုရွာများမှ အလယ်တန်း အထက်တန်း မူဆလင်ကျောင်းသားများမှာ ပီချောင်းရှိ ဝဲကြီးထောင့်ရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းအိပ် ကျောင်းနေ လာရောက် သင်ယူခဲ့ကြကြောင်း သိရသည်။

ထိုမူဆလင် ကျေးရွာများမှ မူဆလင် ကျောင်းသား/သူ များမှာ ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်းတွင် ရခိုင်ရွာများသို့ ကူးလူးဆက်ဆံရေးများကို အာဏာပိုင်များက တားမြစ်ထားခဲ့ခြင်းကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

၂၀၁၂ အရေးအခင်းဖြစ်သွားတော့ တစ်ရွာနဲ့တစ်ရွာ ရခိုင်ရွာကို မူဆလင်မဝင်ရ မူဆလင်ရွာက ရခိုင်မဝင်ရလို့ ဝင်ခွင့်တားမြစ်လိုက်တဲ့အခါ အဲဒီရွာတွေက မူဆလင်ကလေးတွေဟာ ဝဲကြီးထောင့်ကျောင်းမှာ လာရောက်ပြီးတော့ အလယ်တန်း၊ အထက်တန်းပညာ လာရောက်သင်ယူခွင့်တွေ လုံးဝ ပိတ်သွားခဲ့ပါတယ် ဟုဆရာတော်က ဆက်မိန့်ကြားသည်။

ကျောက်တော်မြို့နယ် ပီချောင်းဒေသတွင်းရှိ မူဆလင်ရွာ ၉ ရွာမှ ၇ တန်း ၈ တန်း ၉ တန်း အလယ်တန်း ကျောင်းသား/သူ ၁၀၀ ခန့်ကို ဝဲကြီးထောင့်ဆရာတော် ဦးစန္ဒာဝရ ဦးဆောင်သည့် ပီချောင်းအင်စတီကျုမှ ကျောင်းဆရာ/မ ၆ ဦး၏ လစာနှင့် သင်ကြားရေးပိုင်းများကို စီစဥ်ဆောင်ရွက်ထားပြီး စာသင်ကျောင်းကိုမူ ပီချောင်း ကာဒီအလယ် (မူဆလင်)ရွာရှိ အာရဗီ စာသင်ကျောင်းတစ်ခုတွင် မူဆလင်အသိုင်းအဝန်း၏ အကူအညီဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မူဆလင်ရွာ ၈ ရွာမှာ (၁) ပီတန်း (၂) ကာဒီ (၃) ကင်းသည် (၄) ကာဒီအလယ် (၅) ကာဒီရွာမ (၆) ဟယား (၇) သံထောင် (၈) ကြာပုံ (၉) အုန်းပတီး တို့ ဖြစ်ကြပြီး ၎င်းရွာများမှ မူဆလင် ကျောင်းသား/သူ ၁၀၀ ခန့်မှာ ပီချောင်းအင်စတီကျု တည်ထောင်သူ ဆရာတော်၏ အကူအညီဖြင့် အလယ်တန်းပညာကို ပြန်လည် သင်ယူခွင့် ရနေကြပြီဖြစ်သည်။

ပီချောင်းအင်စတီကျုမှာ ပီချောင်းဒေသရှိ မြို၊ ခမီ၊ မူဆလင်၊ ရခိုင် တို့ကို လူမျိုးဘာသာ မခွဲခြားဘဲ အတန်းပညာများအပြင် ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် တခြားသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများကို သင်ကြားပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ-ပီးချောင်းအင်စတီကျုမှ ပေးပို့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ