
AB News – ဇန်နဝါရီ ၃၊ ၂၀၂၃
ပလက်ဝဒေသအတွင်းရှိ ခမောင်းဝစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇန်နဝါရီလ ၂ရက်နေ့၊ ညဥ့် ၁၁နာရီ၊ ၃၁မိနစ်အချိန်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ပလက်ဝဒေသအတွင်းရှိ ခမောင်းဝစခန်း အား ရက္ခိုင့်တပ်တော် (AA) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။
ထို့အပြင် လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့် တစ်ဝက် တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊
ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့်
ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့ကြောင်း ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့တွင်
စစ်ကောင်စီ လက်အောက်ခံ မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်နှင့် ပလက်ဝဒေသရှိ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက်အတူနေသောစခန်းနှင့် နယ်ခြားစောင့်တပ်စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်ခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။