Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် ပြည်သူပိုင်ဘဏ္ဍာငွေစက္ကူများအား စစ်ရှုံး စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

ပလက်ဝတွင် ပြည်သူပိုင်ဘဏ္ဍာငွေစက္ကူများအား စစ်ရှုံး စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

AB News-ဧပြီ ၁၊ ၂၀၂၄

ပလက်ဝဒေသအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ရှုံး၍ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူပိုင် ဘဏ္ဍာငွေစက္ကူ မြောက်များစွာကို မီးပုံရှို့ခဲ့ကြောင်း ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပလက်ဝမြို့ရှေ့တည့်တည့်၌ ရှိသည့် ခလရ ၂၈၉ တပ်ရင်းဌာနချုပ်တွင် ၎င်းတို့ စစ်ရှုံး၍ ထွက်ပြေးစဥ် ပြည်သူပိုင်ဘဏ္ဍာငွေများအား မီးရှို့ဖျက်ဆီးထားခဲ့သည်ကို တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ခလရ ၂၈၉ တပ်ရင်းအတွင်း ငွေစက္ကူသေတ္တာ ၁၀ လုံးအား  မီးရှို့ဖျက်ဆီးခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများအရ AB News က သိရသည်။

မီးရှို့ထားခဲ့သည့် ငွေစက္ကူများမှာ ၁၀၀၀၀ (တစ်သောင်း) ကျပ်တန်အများစုဖြစ်ပြီး ၅၀၀၀ (ငါးထောင်) ကျပ်တန်များလည်း ပါရှိသည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပလက်ဝမြို့ တစ်ခုလုံး ရက္ခိုင့်တပ်တော်ထံ ကျရှုံးခါနီးအချိန်တွင် ပြည်သူပိုင်ဘဏ္ဍာငွေများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် ပလက်ဝမြို့ခံ ၁ဦးက ပြောသည်။

“ပလက်ဝမြို့ရဲ့ ပြည်သူပိုင် ဘဏ္ဍာငွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခဲ့တာက ၂၈၉ တပ်ရင်းဌာနချုပ်မှာပါ။ အဲဒီတပ်ရင်း မကျမီ မီးရှို့ခဲ့တာပါ။ မီးရှို့ခဲ့တဲ့ ပိုက်ဆံအရေအတွက်ကိုတော့ အတိအကျ မသိပါဘူး။ ဒါပေမယ့် ပလက်ဝ တစ်မြို့လုံးရဲ့ ငွေတွေ အကုန်ပါသွားတာပါ” ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပလက်ဝဒေသအတွင်း တိုက်ပွဲများစတင်ကာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့သည် အစိုးဘဏ်များမှ ပြည်သူပိုင်ငွေများကို သိမ်းယူကာ တပ်တွင်းတွင် သိမ်းထားခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့သည်။

ပလက်၀မြို့ အခြေစိုက် ခလရ (၂၈၉) တပ်ရင်းအပါအဝင် ၎င်းဒေသရှိ စစ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် ပလက်၀မြို့အပါအဝင်  ပလက်၀ဒေသတစ်ခုလုံးသည် စစ်ကောင်စီ ကင်းစင်မြို့နယ်ဖြစ်သွားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄  AA ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ