Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နေအိမ်ဖျက်ဆီးခံရကာ အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၂ ဦးကိုပထမဆုံးအကြိမ် ရုံးထုတ်

ABN-ရာဟု

ဇူလိုင် ၂၂ရက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်းရှိ နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရကာ အိမ်ဥပစာဥပဒေ ပုဒ်မ ၉(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

တရားစွဲဆိုခံရသူ ၂ဦးမှာ ရမ်းဗြဲမြို့၊ အမှတ် ၃ ရပ်ကွက်မှ ဦးအောင်လွင် အသက်၅၇ နှစ်နှင့် ၎င်း၏ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား အသက် ၄၀နှစ်တို့ဖြစ်သည်။

ရမ်းဗြဲမြို့နယ်တရားရုံးတွင် ဇူလိုင်လ ၂၁ရက်နေ့ က ပထမဆုံးအကြိမ် ခေါ်ယူခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်း မပြုလုပ်ဘဲ ဇူလိုင်လ ၂၆ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးအောင်လွင်၏ ဇနီးကပြောသည်။

“အမှုက မစစ်ဆေးဘူး၊ ရုံးခန်းကိုတောင်မဝင်ရဘူး၊ ရက်ချိန်းဘဲပေးလိုက်တာပါ” ဟု ဦးအောင်လွှင်ဇနီး ဒေါ်မထွေးက ABN သို့ပြောသည်။

ဦးအောင်လွင်တွင် အစာအိမ်ရောဂါဝေဒနာအခံရှိပြီး ၎င်းညီ ဦးမောင်သန်းဌေး(ခ)မောင်ပွားမှာလည်း စိတ်ဓာတ်ကျကာ စိတ်ပုံမှန်မဟုတ်သည့်အခြေအနေများဖြစ်နေသဖြင့် ဆေးဝါးကုသရန် အတွက် ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှ စတင်ကာ မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရကြောင်း သိရသည်။

ရမ်းဗြဲမြို့အတွင်းရှိ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စောမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည့်​ ဦးအောင်လွင်နေအိမ်ကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင်ရဲအပါအဝင် ဌာနဆိုင်ရာ၅ခုမှ လူအင်အား ၁ဝဝ ခန့်က အင်အားသုံး ဖြိုဖျက်ခြင်းခံခဲ့ရကာ ၎င်းနှင့်အတူညီဖြစ်သူပါ ဖမ်းဆီးခံရသည်။

လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင်ဇူလိုင်လ ၄ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရသည်။

တရားစွဲဆိုထားသည့် ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ၁သိန်းမှ ၅သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ တပြိုင်နက်တည်း ချမှတ်ခံရနိုင်သည်ဟု ပြဌာန်းထားသည်။

ဓာတ်ပုံ-ချိပ်ပိတ်ခံထားရသည့် ဦးအောင်လွင်၏နေအိမ်၊ ရမ်းဗြဲ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ