Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်း ကူညီကယ်ဆယ်ခွင့်နှင့် သွားလာခွင့် စစ်ကောင်စီက ရပ်ဆိုင်း

နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်း ကူညီကယ်ဆယ်ခွင့်နှင့် သွားလာခွင့် စစ်ကောင်စီက ရပ်ဆိုင်း

ABN-ဇွန် ၈ ရက်

မိုခါဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး ပေးနေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများအား ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပေးရန် သွားလာခွင့်နှင့် ကူညီခွင့်များကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီမှ အဖွဲ့သို့ ရည်ညွှန်းပါစာဖြင့် ဆောင်ရွက်ရန် ခွင့်ပြုထားရှိသော ခရီးသွားလာခွင့်များအား ၇. ၆. ၂၀၂၃ နေ့မှစ၍ ရပ်ဆိုင်းထားရန် အကြောင်းကြားအပ်သည်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထိုအကြောင်းကြားစာ မိတ္တူကို တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တောမြို့ တပ်ဖွဲ့ခွဲမှူး၊ သတင်းရဲတပ်ဖွဲ့၊ အမှတ် (၁၂) တပ်ဖွဲ့ခွဲမှူးရုံး၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (စစ်တွေ၊ အမ်း) မြို့ဟု ပါရှိသည်။

ရခိုင်ပြည်သူတွေ မုန်တိုင်းကြောင့် အတိဒုက္ခရောက် နေချိန်မှာ အစိုးရအနေဖြင့် အဓိက ကူညီပေးရမည့်တာဝန်ရှိသူဖြစ်သော်လည်း ကူညီမည့်အစား ကူညီနေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ခရီးသွားလာခွင့် ရပ်ဆိုင်းခြင်းသည့် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့်အပြင် လုံးဝ လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း တစမခုက ပြောသည်။

“ပြည်သူတွေ ဒီလောက် မုန်တိုင်းကြောင့် ဒုက္ခရောက်နေတာ အစိုးရအနေဖြင့် အဓိက ကူညီပေးရမယ့် တာဝန်ရှိသူတွေဖြစ်တယ်။ သူတို့က ကူညီမယ့်အစား ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် CSO တွေ CBOs တွေကို ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်တာဟာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိတာကို ပြသတဲ့အပြင် လုံးဝ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီက ယခုကဲ့သို့ ကူညီကယ်ဆယ်ရေး လုပ်နေသည့် အဖွဲ့များကို ခရီးသွားလာ၍ ကူညီကယ်ဆယ်ခွင့် ရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် WFP တို့လို အဖွဲ့များကို အဓိက ရပ်ဆိုင်းရန် ကြိုးစားခြင်း ဖြစ်နိုင်သည်ဟု နောက်ထပ် INGO အဖွဲ့ တစ်ဖွဲ့က ပြောသည်။

နိုင်ငံတစ်ဝန်းတွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေ ၈သိန်း ထံသို့ ၃ လစာအရေးပေါ် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များကို ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၂ သိန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ပြီး လက်ရှိအချိန်ထိ လုံခြုံသည့်အမိုးအကာအောက် မရောက်သေးသူများစွာ ရှိနေသေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ULA/AA ၏ HDCO မှ ထုတ်ပြန်သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဖျက်အားပြင်းဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ကူညီကယ်ဆယ်ရေး ရောက်ရှိမှု၊ လိုအပ်ချက်များစာရင်းပေါင်းချုပ်