Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နယ်/လုံလက်မှတ်မပါဟုဆိုကာ ပရဟိတဆရာတော်သဘာဝနဒီဦးဆောင်သည့် ကယ်ဆယ်ရေးကားအား ကျောက်တန်းစစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်ပိတ်ထား

ABN-ဟိန်းထွန်း

ဇူလိုင် ၅ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ရွာ ၆ ရွာသို့ ဆန်ရိက္ခာထောက်ပံ့ရန်သွားသည့် ပရဟိတဆရာတော်သဘာဝနဒီ ဦးဆောင်သည့် ကယ်ဆယ်ရေးကားကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက နယ်/လုံလက်မှတ်မပါဟုဆိုကာ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ခွင့်မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဦးသဘာဝနဒီသည် ၎င်းအရပ်ဒေသို့သွားလာရန်အတွက် ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ ၄ ရက်နေ့က ခွင့်ပြုချက်အမိန့်တောင်းခဲ့ပြီး ထွေအုပ်လက်မှတ်ဖြင့် ခွင့်ပြုခဲ့သည့်အတွက် ယနေ့ သွားရောက်ကူညီရာတွင် ကျောက်တန်းဂိတ်မှ ဖြတ်ကျော်ခွင့် မပြုခဲ့ကြောင်း ဦးသဘာဝနဒီက ABN သို့မိန့်သည်။

.”အဲ့ဒီရွာတွေကိုသွားမယ်လို့ ဇူလိုင်လ ၄ရက်နေ့ကမြို့နယ်ထွေအုပ်ရုံးမှာစာတင်လိုက်ပါတယ်၊ ခွင့်ပြုချက်အရင်တောင်းတာပေါ့၊ ထွေအုပ်ရုံးကလည်း ခွင့်ပြုချက်ပေးပါတယ်၊ ဆန်တွေကားပေါ်တင်ပြီးသွားတော့ စစ်ကောင်စီရဲ့ ကျောက်တန်းဂိတ်က နယ်လုံလက်မှတ်မပါလို့ဆိုပြီး မသွားရဘူးလို့ပြောပါတယ် ” ဟုမိန့်သည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခေတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္ပတီချောင်းဖျားဒေသနှင့် တောဖျားချောင်းဒေသအတွင်းရှိသော သဲဖြူချောင်းကျေးရွာ၊ နတ်တောင်ကျေးရွာ၊ ကြာညိုကန်ကျေးရွာ၊ ကမ်းထောင်းကြီးကျေးရွာ နှင့် ဆင်သီပိန္နဲတော ကျေးရွာများသို့ စုစုပေါင်း ၂၄ ပြည်ဆန်အိတ် ၂၀၀ ကို ထောက်ပံ့ရန်သွားစဥ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် တားဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

နယ်လုံဝန်ကြီးလက်မှတ်ကို ရရှိရန်အတွက် အဆိုတော်အာရိယာန်သည် ယမန်နေ့က ပြည်နယ်အစိုးရရုံးတွင် အချိန်ကုန်ခံပြီး တစ်ရက်လုံးစောင့်ဆိုင်းခဲ့သော်လည်း ၎င်းတို့က အစည်းဝေး ၄ ခုလုပ်နေခဲ့ကြသည့်အတွက် လူချင်းတွေ့ဆုံမှုမရဘဲ ရှိသည့်အပြင် အကြောင်းကြားစာမလာခဲ့ရာ မြို့နယ်ထွေအုပ်ရုံးသို့ စာတင်၍ ခွင့်ပြုချက်ရယူခဲ့ပြီး ယခုလိုသွားရကြောင်း ဆက်၍မိန့်သည်။

”ကိုတော်တို့အဖွဲ့က လူတစ်ယောက်ကနယ်လုံလက်မှတ်ရဖို့အတွက် မနေ့ညကပြည်နယ်အစိုးရရုံးမှာ တစ်နေ့လုံးစောင့်ပါတယ်၊ နေသာဝင်သွားတယ်၊ လူချင်းမတွေ့ဖြစ်ခဲ့ပါ၊ သူတို့က အစည်းဝေး ၄ ခုတောင်လုပ်နေကြတယ်၊ အကြောင်းကြားစာလည်းမပြန်တော့ မြို့နယ်ထွေအုပ်ရုံးကိုသွားပါတယ်၊ ထွေအုပ်ရုံးကခွင့်ပြုချက်ပေးလို့ အခုလိုသွားတဲ့ခါ ဂိတ်က တပ်ဖွဲ့ဝင်တွေနဲ့ စကားများခဲ့ကြတယ်” ဟု မိန့်သည်။

လက်ရှိတွင် ဆန်ရိက္ခာထောက်ပံ့ရန်သွားသည့် ကယ်ဆယ်ရေးဆန်ကားကို ကျောက်တန်းစစ်ဆေးရေးဂိတ်တွင်ထားခဲ့ကြောင်း ဆရာတော်က ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာမြို့နယ် ထွေအုပ်ရုံးမှ ခွင့်ပြုချက်လက်မှတ်ပါလျှင် သွားခွင့်ပြုကြောင်း ရခိုင်ပြည်နယ် စကစ ပြောခွင့်ရ ဦးလှသိန်းက မီဒီယာများသို့ ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ