Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံဟောင်းများဖြင့် ပုံမှားရိုက်ကာ စစ်ကောင်စီ သတင်းမှားဖြန့်ချီ

ဓာတ်ပုံဟောင်းများဖြင့် ပုံမှားရိုက်ကာ စစ်ကောင်စီ သတင်းမှားဖြန့်ချီ

AB News-ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သည့် ကလေးငယ်များ၏ ဓာတ်ပုံများကို အသုံးပြုပြီး ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ထဲတွင် ဖေဖော်ဝါရီလ ၇ ရက် ၈ ရက်နေ့များအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်စဥ် သေဆုံးခဲ့သည့် ကလေးများဖြစ်ကြောင်း စကစ၏ ဝါဒဖြန့်ချီရေ စာမျက်နှာတစ်ခုဖြစ်သည့် “မေယုဟစ်တိုင်” တွင် ရေးသားထားသည်။

စစ်ကောင်စီမှ ဝါဒဖြန့်သည့်အတိုင်း ဟုတ်/မဟုတ်ကို သိရှိနိုင်ရန် Reverse Image Search နည်းပညာသုံး၍ AB News မှ စစ်ဆေးရာတွင် “မေယုဟစ်တိုင်” မှ အသုံးပြုထားသည့် ဓာတ်ပုံများမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သည့် ကလေးငယ်များ၏ ဓာတ်ပုံများ ဖြစ်နေသည်ကို တွေ့ရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက် ၈ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားတန်မြစ်ထဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်သင်္ဘောများတွင် ပါရှိသူ အချို့အား AA က ကယ်တင်နိုင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် မိမိတို၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် မိမိတိုမှ လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ မိမိတိုအား တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်။

မိမိတိုမှ အဆိုပါသင်္ဘော (၃) စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတိုအား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတိုတပ်ဖွဲဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချိုရှိခဲ့သည်။ အကယ်၍ မိမိတိုမှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတိုအား မိမိတိုမှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုးခဲ့ရသည်။” ဟု ရက္ခိုင့်တပ်တော် ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုနှင့် ရေကြောင်းတိုက်ခိုက်မှုတို့ကို အဓိက အသုံးပြုကြောင်းနှင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၇ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ