Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူတွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် မတ်လအတွင်း အရပ်သား ၁ဦးသေ၊ ၃ဦးခြေပြတ်

ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူတွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် မတ်လအတွင်း အရပ်သား ၁ဦးသေ၊ ၃ဦးခြေပြတ်

(ရက္ခိုင်တွင် မတ်လအတွင်း မိုင်းနင်းသေဆုံး၊ ဒဏ်ရာရရှိသူ ၆ဦး အထိရှိလာ)

AB News – မတ်လ ၂၃၊ ၂၀၂၄

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ ဒေသခံ ၁ဦးသေဆုံးခဲ့ရပြီး ၃ဦး ခြေပြတ်သွားသည်ကို တွေ့ရှိရသည်။

ယမန်နေ့ မတ်လ ၂၂ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်တွင် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိကာ အုန်းတပင်ရွာ၊ ဝတ်ဆံထောင့်မှ အသက် ၄၅နှစ်အရွယ် ဦးဇော်ဇော်မှာ သေဆုံးခဲ့ရပြီး အသက် ၃၅နှစ်အရွယ် ကိုဝင်းနိုင်စိုးမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားသည်။

ဖြစ်စဉ်မှာ အုန်းတောရွာနှင့် ပြိုင်းစေ့ကေတောင်ရွာကြားရှိ ဂြင်းတောင်၌ ဟင်းခူးနေစဉ် မိုင်းနင်းကာ ဒဏ်ရာရရှိခဲ့သည့် ကိုဝင်းနိုင်စိုးအား ကယ်တင်ရန်သွားစဥ် ကျန်မိုင်းတစ်လုံးအား နင်းမိပြီး ဦးဇော်ဇော် မှာ ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မင်းတက်ရွာမှ အသက် ၄၅နှစ်အရွယ် ဦးမျိုးရွှေသန်းသည် မင်းတက်တောင်မှ နီကျော်တောင်ကုန်းသို့ ထင်းခုတ်သွားစဉ် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ညာဖက်ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ကျောက်ဖြူမြို့နယ်၊ အရာရှိရပ်ကွက်မှ ဦးယဉ်နိုအောင်သည် ဇနီးဖြစ်သူနှင့်အတူ သစ်ပုတ်တောင်တိုက်နယ်၊ ဦးကင်းတောင်သို့ ဆန်ယူရန်သွားစဉ် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး မတ်လ ၁၃ရက်နေ့က ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားကာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီသည် အရပ်သားပြည်သူများ သွားလာနေကြသည့် ကျေးရွာများအနီးပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံပြည်သူများ မိုင်းနင်းပြီး သေဆုံး၊ ဒဏ်ရာရရှိနေရခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့ ဒေသခံ ၁ဦးက ပြောသည်။

စစ်ကောင်စီဟာ ကျေးရွာတွေရဲ့ အနီးဝန်းကျင်မှာ မိုင်းလာထောင်တာရှိတယ်။ အဲ့ဒါကြောင့် ဒေသခံတွေ မိုင်းအန္တရာယ်ကို ခံစားနေရတာဖြစ်တယ်။ မြို့ခံတွေအနေနှင့် ရွာပြင်တွေနှင့် တောတောင်တွေကို မသွားဖို့ တိုက်တွန်းချင်ပါတယ် လို့ ဆိုသည်။

ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီသည် ရွာချင်းဆက်လျက်ရှိသည့် လမ်းများတွင် မြေမြှုပ်မိုင်းများကို ထောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၃ရက်၊ နံနက် ၈နာရီခန့် အချိန်တွင် မင်းပြားမြို့နယ်၊ ကျားရဲပြင်ရွာမှ အသက် ၁၈နှစ်အရွယ် မခိုင်စိုးအေးသည် ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာ၌ စစ်ရှောင်နေစဉ် သူမ၏ ရွာသို့ စားနပ်ရိက္ခာများနှင့် လိုအပ်သည့်ပစ္စည်းများ လာယူရာ လမ်းတွင် မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါနေ့တွင်ပင် မြေပုံမြို့၌ စစ်ကောင်စီအဖွဲ့ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်းမိပြီး ကံသာထွက်ဝရပ်ကွက်မှ အသက် ၅၇နှစ်အရွယ်ရှိ ဦးမောင်သိန်း ခြေတစ်ဖက် ပြတ်ထွက်သွားကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ယခု မတ်လအတွင်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် မိုင်းနင်းသေဆုံးသူ ၁ဦး၊ ဒဏ်ရာရရှိသူ ၃ဦး ရှိခဲ့ပြီး မင်းပြားမြို့နယ်မှ အမျိုးသမီး ၁ဦးနှင့် မြေပုံမြို့နယ်မှ အမျိုးသား ၁ဦးလည်း မိုင်းနင်းမိကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာများ၊ လက်နက်ကိုင်တပ်ဖွဲ့ စခန်းချနေထိုင်ခဲ့သော နေရာများ၊ ထိုနေရာများနှင့် အနီးဝန်းကျင်များသို့ သွားလာခြင်းများ မပြုလုပ်ကြရန် အရေးကြီးသည်။

ဓာတ်ပုံ/ရက္ခိုင်ပြည်တွင်း မိုင်းရှိကြောင်း ရက္ခိုင်ဘာသာစကားဖြင့် အချက်ပြထားသည့် ဆိုင်းဘုတ်/CJ

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ