Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(တောင်ရှည်တောင်) တင်းမဗျူဟာကုန်းတွင် ရက္ခိုင့်တပ်တော် နှင့် စကစ တို့တိုက်ပွဲပြင်းထန်နေ၊ စကစ တပ်သား ၈၀ ကျော်သေဆုံး

AB News – ဇန်နဝါရီ ၁ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ၏အရှေ့ဖက်တွင်ရှိသည့် တောင်ရှည်တောင် ( တင်းမဗျူဟာကုန်း )တွင်ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စကစတပ်ဖွဲ့ ၈၀ ကျော် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခပေးနေသော စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စကစ တပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ကာ တပ်ပြေးမှုများလည်း ရှိကြောင်း နီးစပ်သူများပြောပြချက်အရ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရန် တိုက်ခိုက်နေချိန်အတွင်း ၉နာရီ ၁၃ မိနစ်၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဂျက်တိုက်လေယာဥ်ဖြင့် ၁ ကြိမ်လာရောက်ပြီး ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့သည်ဟုသိရသည်။

ယနေ့မနက်ကစပြီး ၂ ဖက်စစ်ရေးပြင်းထန်လျက်ရှိပြီး AA ကထိုဗျူဟာကုန်းအား အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“AA ကတိုက်နေတာ တစ်ပတ်လောက်ရှိပါပြီ၊ စကစတပ်ဖွဲ့ဝင်တွေ အများကြီးသေဆုံးသွားပါတယ်၊ ဒီနေ့ AA ကအပြတ်တိုက်မယ်လို့တော့ ပြောသံကြားပါတယ်၊ မနက်ကတောင် ဂျက်လေယာဥ်နဲ့ ဗုံးကြဲချသွားပါတယ်၊ စစ်ရေးကတော်တော်ပြင်းထန်နေတယ်” ဟု ဆိုသည်။

အထိအခိုက် အကျအရှုံးများလျက်ရှိသည့် စစ်ကောင်စီအဖွဲ့ သည် ၎င်းတို့၏ စခန်းမကျဆုံးစေရေးအတွက် လေကြောင်းဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း တောင်ရှည်တောင်အပါအဝင် ကျေးရွာအနီးအနားသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူများ ရာနှင့်ချိီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

(တောင်ရှည်တောင်) တင်းမဗျူဟာကုန်းမှ စကစ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ၎င်းရွာ၏ အိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ အချို့အိမ်များကိုဖြိုဖျက်ပြီး၊ တပ်စခန်းများတွင်အသုံးပြုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ က ပေါက်တော၊ မင်းပြား၊ အမ်း၊ ကျောက်တော်တို့တွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီကျော်မှ နံနက်ပိုင်း ၉ နာရီထိတိုင်အောင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် ၂ ဖက်စစ်ရေးပြင်းထန်နေသည့်အတွက်ကြောင့် ကျောက်တော်မြို့နယ်များမှ ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ စားနပ်ရိက္ခါအခက်အခဲကြုံနေကြရကြောင်း စစ်ရှောင်အချို့က ဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားသောမြို့များမှ စခန်းများမှာ စစ်တွေမှ ၁ ခု၊ ပေါက်တောမှ ၆ ခု၊ ကျောက်ဖြူမှ ၇ ခု၊ ရမ်းဗြဲမှ ၄ ခု၊ မြေပုံမှ ၄ ခု၊ တောင်ကုတ်မှ ၂ ခု၊ သံတွဲမှ ၃ ခု၊ အမ်းမှ ၄ခု၊ မောင်တောမှ ၆၂ ခု၊ ဘူးသီးတောင်မှ ၆ ခု၊ ရသေ့တောင်မှ ၄ ခုနှင့် ပုဏ္ဏားကျွန်းမှ ၃ ခုတို့၊ မြောက်ဦးမှ ၃ ခု၊ ပလက်ဝမှ ပလက်ဝမှ ၁၇၊ ကျောက်တော်မှ ၇ ခု၊ မင်းပြားမှ ၅ ခုအပါအဝင် မြောက်ဦးမှ ၅ ခုတို့ပေါင်း စခန်းပေါင်း ၁၅၀ ကျော်ကိုသိမ်းပိုက်ထားသည့်အပြင် တစ်ခြားစခန်းကုန်းအပါအဝင် ဗျူဟာကုန်းများကိုလည်း တစ်ရက်မပျက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ