Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကျောင်းသုံး ဗလာစာအုပ်လိုအပ်နေ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၈ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကျောင်းသူ/သားများ ပညာသင်ယူနိုင်ရန် ကျောင်းသုံးဗလာစာအုပ်တစ်ချို့ လိုအပ်နေကြောင်း သိရသည်။

ထိုစခန်းတွင် မူလတန်း မှ အလယ်တန်းထိ ကျောင်းသား/သူ ၁၀ဝ ကျော်ရှိပြီး ကျောင်းသုံးဗလာစာအုပ် မလုံလောက်မှု နှင့် အခက်တွေ့နေရကြောင်း AB News က ကွင်းဆင်းလေ့လာတွေ့ရှိ ခဲ့ရသည်။

ယခင်က ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို REC နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ပေးခဲ့ရာ လက်ရှိတွင် ပုံနှိပ်စာအုပ်တစ်မျိုးသာ ရရှိကြောင်းပြောသည်။

စစ်ဘေးရှောင် စခန်းရှိ ကျောင်းသား/သူ များမှာ ဆင်းရဲနွမ်းပါးသည့်အတွက် စာအုပ်ဝယ်ရန်အခက်တွေ့နေရကြောင်း တောင်မင်းကုလား စခန်းတာဝန်ခံ ဒေါ်မအေးခင်က AB News သို့ ပြောသည်။

“စခန်းမှာရှိတဲ့သူတွေက ဆင်းရဲတဲ့သူတွေများတယ်၊ စာအုပ်တွေလည်းစျေးကြီးတယ်၊ အဆင်ပြေသလို ဝယ်ယူနေရတယ်” ဟု ဆိုသည်။

ယခင်က စာအုပ်တစ်အုပ်ကို ၂၀ဝ ကျပ်နှင့် ရရှိသော်လည်း လက်ရှိမှာ ၇၀၀ ရာနှင့် ၁၀၀၀ ကြားတွင်ရှိနေပြီး စာအုပ်ဝယ်ရန်အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များကပြောသည်။

WFP မှ စစ်ဘေးရှောင် တစ်ဦးချင်းစီကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးနေသော်လည်း စားဝတ်နေရေးကအစ အဆင်မပြေလည်မှုများရှိနေသည်။

၎င်းစခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စု အရေအတွက် ၈၂ စု၊ လူဦးရေ အရေအတွက် ၄၉၅ ဦးရှိကာ ၎င်းထဲမှ မသန်စွမ်းသူ ၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၅ ဦး၊ နို့တိုက်မိခင် ၂ ဦး၊ တီဗွီရောဂါဖြစ်ပွားနေသူ ၂ ဦး နှင့် သွေးတိုးရောဂါ ခံစားနေရသူ ၁၀ ကျော်ရှိကြောင်း တွေ့ရသည်။

ထို့အပြင် အသက် ၅ နှစ်အောက်ကလေးငယ် ကျား၊ မ ဦးရေ ၅၆ ဦး၊ ၆ နှစ်မှ ၁၁ နှစ်ကြား ၅၇ ဦး၊ ၁၂ နှစ်မှ ၁၇ နှစ်ကြား လူငယ်ဦးရေ ကျား၊ မ ၆၅ ဦး၊ ၁၂ နှစ်မှ ၂၅ နှစ်ကြား ၆၉ ဦး၊ ၂၆ နှစ်မှ ၅၉ နှစ်ကြား လူလတ်အရွယ် ကျား၊ မ ၁၃၅ ဦး နှင့် ၆၀ နှစ်အထက် လူကြီးအရွယ် ကျား၊ မ ၁၁၃ ဦးရှိကြောင်း တွေ့ရသည်။

စစ်ဘေးရှောင်အများစုသည် အလုပ်လက်မဲ့ဖြစ်ပြီး တစ်ချို့တလေ ကြုံရာကျပန်းလုပ်ကိုင်စားသောက် နေကြရကြောင်း ၎င်းတို့က ပြောသည်။

၂၀၂၃ နောက်ပိုင်းတွင် ရခိုင်ရှိစစ်ဘေးရှာင်စခန်းများသို့ ပရဟိတအဖွဲ့အစည်းများ သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင်လည်း စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုစခန်းသည် တောင်မင်းကုလား ရွာဦးတောင်တန်းအောက်၌ ဆောက်လုပ်ထားသော်လည်း အရိပ်အာဝါသမရရှိပေ။

စစ်ဘေးရှောင်များ​ ပြောင်းရွှေ့လာသည့် ပညာဝရွာ၊ သ​ပြုချောင်း၊ ငစွေ နှင့် ပါချေတို့မှဖြစ်ပြီး မြို၊ ခမီ နှင့်ရခိုင်လူမျိုးများနေထိုင်ကြ​ကြောင်းတွေ့ရသည်။

ထိုစခန်းသည် ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယခုဆိုလျှင် ၅ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ