Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ပြိုဗျူဟာမှ စစ်ကောင်စီ နယ်ခြားစောင့် ၂၉ဦးခန့် ဘင်္ဂလားဒေ့ချ်သို့ ထပ်မံထွက်ပြေး

AB News – ဖေဖော်ဝါရီ ၅၊ ၂၀၂၄

မောင်တောမြို့နယ်ရှိ တောင်ပြိုဗျူဟာမှ စစ်ကောင်စီ နယ်ခြားစောင့် ၂၉ ဦးခန့် ယနေ့ ဖေဖော်ဝါရီလ ၅ရက်၊ နံနက် ၁၀နာရီကျော်အချိန်တွင် ဘင်္ဂလားဒေ့ချ်သို့ ထပ်မံထွက်ပြေးခဲ့ကြောင်း ဒေသခံများက AB News သို့ ပြောဆိုသည်။

မောင်တောမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏  တောင်ပြိုဗျူဟာကုန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၂နာရီခွဲအချိန်မှ စတင်​၍ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နယ်ခြားစောင့် ၆၆ ဦးခန့် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခဲ့ပြီး ယနေ့ နံနက် ၁၀နာရီကျော်အချိန်တွင်လည်း ၂၉ဦးခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခိုလှုံခဲ့ကြကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ရက်၊ နံနက် ၁၀နာရီ ၁၁အချိန်တွင် မောင်တောမြို့နယ်ရှိ တောင်ပြိုဗျူဟာမှ နယ်ခြားစောင့် ၂၉ ဦးခန့် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခဲ့ကြောင်း အမည်မဖော်လိုသည့်မျက်မြင် ၁ဦးက ပြောသည်။

“မနေ့က စပြီးတော့ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာကုန်းနဲ့ နယ်စပ်ကင်းစခန်းတွေကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်  နယ်ခြားစောင့် ၆၀ကျော်ဟာ ဘင်္ဂလားဒေ့ချ်ကို ထွက်ပြေးခဲ့ရတယ်။ ဒီနေ့ မနက် ၁၀နာရီကျော်မှာလည်း   နယ်ခြားစောင့် ၂၉ ဦး ဘင်္ဂလားဒေ့ချ်ကို ထွက်ပြေးခဲ့တယ်” ဟု ဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်ခန့်အချိန်တွင် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တောင်ပြိုဗျူဟာသို့ စစ်ကောင်စီအဖွဲ့က စစ်ရဟတ်ယာဥ်ဖြင့် ၁၀မိနစ်ခန့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံများမှ တဆင့် သိရသည်။

ယမန်နေ့က ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ် ၆၆ ဦးအနက် ဒဏ်ရာရရှိခဲ့သော ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်း ကူတူပါလောင်စခန်းတွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်မှ ဆေးကုသပေးနေကြောင်း ဒေသခံများမှ တဆင့် သိရသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ယနေ့ တစ်ရက်လုံး တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဘန်ဒါဘန်ခရိုင်အုပ်ချုပ်ရေးဌာနမှ ဘင်္ဂလားဒေ့ချ်နှင့် မြန်မာနယ်စပ်ရှိ လမ်းများကို အရေးပေါ် ပိတ်ထားပြီး ကျောင်း ၅ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဘင်္ဂလားဒေ့ချ်အခြေစိုက် Prothom Alo သတင်းဌာနတွင် ဖော်ပြထားသည်။

တောင်ပြိုဗျူဟာတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က လေယာဥ်ပစ်ကူများဖြင့် ပတ်ခတ်လျက်ရှိသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ