Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်၊ ရသေ့တောင်နှင့် သံတွဲ မြို့နယ်တို့တွင် ရေကြီး၍ နေအိမ်များပြိုကျပျက်စီးပြီး လယ်ကွင်းများပျက်စီး၊ စာသင်ကျောင်းများကိုလည်းပိတ်ထားရ

ABN-ရှိုင်းမိုး

သြဂုတ် ၂ရက်

လက်ရှိရခိုင်ပြည်တွင်းရှိ တောင်ကုတ်၊ သံတွဲမြို့နှင့် ရသေ့တောင်မြို့နယ်များရှိ ရွာများတွင် ရေကြီး၍ နေအိမ်များပြိုကျပျက်စီပြီး၊ လယ်ယာများပါပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် စာသင်ကျောင်းများကို ပိတ်ထားရသည်ဟုသိရသည်။

တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ်ရှိ ကျေးရွာ ၁၁ ရွာတွင် ဇူလိုင်လ ၂၅ရက်နေ့ကစ၍ ရေကြီးနေသည်ဟုသိရသည်။

တောင်ကုတ်မြို့နယ် ကုလရောင်ရွာထဲရှိ အောင်မင်းရှောင်အပိုင်းတွင် သြဂုတ်လ ၂ရက်နေ့မှစ၍ ပင်လယ်ဖြားလှိုင်းကြီးမှုကြောင့် ကမ်းပါးပြိုကျ၍ လူနေအိမ်များ ရေထဲမျောပါသွားသည်ဟု ရွာခံသားတစ်ဦးဖြစ်သူ ဦးတင်မောင်မှပြောသည်။

” အဲဒီရွာက ပင်လယ်နဲ့တိုက်ရိုက်ကျပါတယ်၊ ဒါကြောင့် ကမ်းစပ်နားကနေအိမ်တွေက ပင်လယ်လှိုင်းကြီးရင် မခံနိုင်ပါဘူး၊ ဒါကြောင့်အခုလို့ ပြိုကျပျက်စီးသွားတာပါ” ဟု၎င်းကပြောသည်။

ထိုရေကြီးခြင်းသည် မိုးများသောကြောင်းဖြစ်ပြီး မုန်တိုင်းကြောင်းလည်းဖြစ်သည်ဟု ငမောက်ချောင်းရွာက ဦးသောင်းကျော်မှပြောသည်။

“၂၅ရက်နေ့ကပင် ရေကြီးနေတာပါ၊ မုန်တိုင်းလည်းရှိပါတယ်၊ မိုးလည်းတအားကြီးတယ်၊ ပြီးတော့ ဒီကျွန်းက နိမ့်တယ်၊ ဒါကြောင့် နှစ်တိုင်းရေကြီးပါတယ်၊ ဒါပေမယ့် ရေက ဒီနှစ်ပိုကြီးပါတယ်၊ ဒါကြောင့် ကျောင်းတွေလည်းပိတ်ထားရပါတယ်” ဟု၎င်းကပြောသည်။

ထိုကျွန်းတွင် ပြီးခဲ့သည့်နှစ်အတွင်းက ရေကြီးမှုကြောင့် လူများသေဆုံးခြင်း၊ တိရစ္ဆာန်များသေဆုံးခြင်း၊ လယ်ယာမြေများ ပျက်စီးသွား​ခြင်းရှိသည်ဟု၎င်းကဆက်ပြောသည်။

” အယင်တစ်နှစ်ရေကြီးဖူးပါတယ်၊ အဲဒီနှစ်ကဆိုရင် လူလည်းသေတယ်၊ တိရစ္ဆာန်တွေလည်းသေတယ်၊ ရေခမ်းသွားရင် လယ်ယာမြေတွေလည်းဆုံးရှုံးရပါတယ်” ဟုပြောသည်။

လက်ရှိရေသည် နောက်၂ရက်အထိ ဆက်လက်ရေကြီးနိုင်ကြောင်း ၎င်းကပြောသည်။

အလားတူ သံတွဲမြို့နယ်တွင်လည်း ရေကြီးနေသောကြောင့် ကျောင်းများပိတ်ထားရပြီး၊ မြို့ထဲတွင် စျေးများအချိန်မီရောင်းရခြင်းမရှိဟု ချောင်းဝရွာမှ ဆရာမတစ်ဦးကပြောသည်။

သံတွဲမြို့နယ် ချောင်းဝရွာဖက်တွင် ရေကြီး၍ ၁ ပေမှ ၄ ပေထိ ရေကြီးနေသည်ဟု ၎င်းကပြောသည်။

“ကျောင်းတွေပိတ်ထားရတယ်၊ မြို့ပေါ်မှာဆိုရင်လည်း စျေးတွေအချိန်မီမရောင်းရဘူး၊ ရေက ၄ပေထိ ရောက်နေတယ်၊ မိုးရွာလို့ကြီးတာလည်းပါတယ်၊ နောက်ပြီး ချောင်းဝဖက်ကအညာရေဆင်းတာလည်းပါတယ်” ဟုဆက်ပြောသည်။

ထိုနည်းတူ ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းကြောင့် ရေကြီး၍ လယ်ယာမြေများပျက်စီးဆုံးရှုံးမှုရှိသည်ဟု ဦးမောင်သာအေးမှပြောသည်။

“ရေက သိပ်အများကြီးမတတ်သေးဘူး၊ မုန်တိုင်းကြောင့်ထင်တယ်၊ လယ်ယာမြေတွေကတော့ ဆုံးရှုံးမှုရှိပါတယ်၊ ရေခမ်းသွားရင် ဘာတခုမှမကျန်လိုက်ဘူး၊ အကုန်ပျက်စီးသွားတယ်၊ ရွာထဲအထိတော့ ရေမမြုပ်ဘူး” ဟု ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ဇူလိုင်လ ၃၁ ရက်နေ့ ညဖက် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ကွင်းများတွင် ဆားငံရေများ ဝင်၍ ပျက်စီးသွားကြောင်း လယ်သမားများ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ