
AB News-ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
အာရက္ခတပ်တော် သိမ်းပိုက်အုပ်ချုပ်ထားသည့် တောင်ကုတ်မြို့နယ် တန်းလွှဲချောင်းဒေသ ရက္ခိုင်ရိုးမတောင်တန်း တစ်လျှောက်တွင် တရားမဝင် သစ်ထုတ်လုပ်မှုများကို အာရက္ခတပ်တော် AA က တားဆီးပိတ်ပင်လိုက်ကြောင်း သတင်းရင်းမြစ်များက AB News သို့ ပြောသည်။
လက်ရှိတွင် သစ်ထုတ်သူများ နစ်နာမှုမရှိစေရန် ခုတ်လှဲပြီး သစ်ပင်များကို သစ်ထုတ်ခွင့်ပေးထားပြီး နောက်ထပ် သစ်ပင်အသစ်များအား ခုတ်လှဲ၍ သစ်ထုတ်လုပ်ရန် အာရက္ခတပ်တော်က ခွင့်မပြုတော့ကြောင်း အမည်မဖော်လိုသည့် သစ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်မှာ သစ်ထုတ်လုပ်တာတွေကို အေအေက တားမြစ်လိုက်ပါပြီ။ လုပ်ငန်းရှင်တွေ မနစ်နာရအောင်လို့တော့ ခုတ်ထားပြီးသား သစ်တွေကို ထုတ်ဖို့ ခွင့်ပြုပေးထားပါတယ်” ဟု ပြောသည်။
ယခင်က ရိုးမတောင်တန်းတစ်လျှောက်တွင်ရှိသည့် သစ်ပင်ကြီးများကို စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် အလွမ်းသင့်သည့် ခရိုနီများက လက်ဝါးကြီးအုပ်ကာ ခုတ်လှဲပြီး သစ်ထုတ်ခဲ့ကြသည့်အတွက် လက်ရှိတွင် သစ်ပင်ကြီးများ မရှိသလောက် ရှားပါးသွားပြီဖြစ်ကြောင်း သိရသည်။
ရက္ခိုင်တွင် သစ်တော၊ ဒီရေတောများ သိသိသာသာ ပြုန်းတီးလာသောကြောင့် လေပြင်းမုန်တိုင်းသင့်ခြင်း၊ ရာသီဥတု အလွန်ပူခြင်း၊ အလွန်အေးခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်ခြင်း စသည်တို့ဖြင့် ကြုံတွေ့နေကြရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကလည်း ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်းတိုင်း တိုက်ခတ်ခဲ့သည့်အတွက် ရက္ခိုင်ပြည်အနှံ့ လူသေဆုံးမှုများ ရှိခဲ့သည့်အပြင် အိုးအိမ်များ၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးသွားခဲ့ရပြီး သစ်ပင်များလဲကျခြင်း၊ ကျိုးကျခြင်းများနှင့် တောတောင်များ တောင်ကတုံးအတိ ဖြစ်ခဲ့ရသည်။
သစ်တောပြုန်းတီးခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်းများကို ဖြစ်ပေါ်စေသည့်အတွက် အပူချိန်ပြင်းလာခြင်း၊ ခြောက်သွေ့ ရာသီဥတုများကို ဖြစ်ပေါ်စေခြင်း၊ ရေကြီးခြင်း နှင့် မုန်တိုင်းများကိုဖြစ်ပေါ်စေခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်များကို အထူးထိန်းသိမ်းရန် လိုအပ်ကြောင်း တောင်ကုတ်မြို့နယ်မှ ဒေသခံ ၁ ဦးမှ ပြောသည်။
“သစ်တောတွေ ဖြုန်းတီးတာက ရာသီဥတု ဖောက်ပြန်စေပါတယ်။ အပူချိန်လွန်ကဲ တာတွေဖြစ်စေတယ်။ တော၊ ရေကြီးတာတွေ ဖြစ်ပေါ်စေတယ်။ ဒါ့ကြောင့် ရိုးတောင် မပြုန်းခင် အချိန်မီ ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။
သစ်တောများပြုန်းတီးလာခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို မစုပ်ယူနိုင်သဖြင့် လေထုထဲတွင် ကာဗွန်အောက်ဆိုဒ်ဓာတ်ငွေ့ များပြားလာပြီး လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေသည်။ သစ်ပင်များမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို စုပ်ယူပြီး လူသားများအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။
လက်ရှိမှာ အာရက္ခတပ်တော်အနေဖြင့် သစ်ထုတ်လုပ်ငန်းများကို တားဆီးလိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းရာရောက်ကြောင်း နောက်ထပ် တောင်ကုတ်ဒေသခံ တစ်ဦးက ပြောသည်။
“ဒီလို တားဆီးလိုက်တာ ကောင်းပါတယ်။ သဘာဝသစ်တောတွေကို ထိန်းသိမ်းရာ ရောက်တယ်။ နောက်ထပ် သစ်ပင်ခိုးခုတ်တဲ့သူတွေလည်း ခုတ်ရဲမှာ မဟုတ်တော့ဘူး။ ဖြစ်နိုင်ရင် သစ်ပင်တွေကို လုံးဝ မခုတ်စေချင်ဘူး”ဟု ပြောဆိုကြသည်။
ရက္ခိုင်ပြည်သည် ကျွန်း၊ ပျဉ်းကတိုး အပါအဝင် သစ်မာအမျိုးအစား အများဆုံးထွက်ရှိသည့် ဒေသဖြစ်ပြီး ယခုလက်ရှိအချိန်တွင် ရက္ခိုင်ပြည်တွင် တရားမဝင် သစ်ပင်ခိုးထုတ်မှုများကြောင့် သစ်ပင်ကြီးများ မရှိသလောက်ရှားပါးသွားဖြစ်ဟု သိရသည်။