Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် မုန်တိုင်းကြောင့် မိုးကြီး ရေလျှံဖြစ်ကာ တာတမံများ ကျိုးပေါက်သွား၍ စပါးများပျက်စီး

ABN-ရှိုင်းမိုး

သြဂုတ် ၄ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် မုန်တိုင်းကြောင့် မိုးကြီး၍ ဒီရေမြင့်တက်ကာ ပင်လယ်ထဲရှိ ကျွန်းစုများတွင်နေထိုင်သည့် ဒေသခံများ၏ တာတမံများ ကျိုးပေါက်သွား၍ စပါးများပျက်စီးသွားရသည်ဟုသိရသည်။

တောင်ကုတ်မြို့နယ် တန်းလွဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်းကျွန်းဒေသရှိ ဒေသခံများမှာ မုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် လှိုင်းကြီး၍ ဆည်၊ တာတမံများ ကျိုးပေါက်သွားရာ လယ်ကွင်းထဲသို့ ဆားငန်ရေ ဝင်သွားသည်ဟုသိရှိရသည်။

ပန်းတင်းကျွန်းမှ ဆည်၊ တာတမံများသည် ယနေ့ နေလည်ပိုင်းက လှိုင်းကြီး၍ တာတံမန်ကျိုးပေါက်သွားပြီး ဆားငန်ရေများ လယ်ကွင်းထဲဝင်သွားခဲ့သည်ဟုသိရသည်။

လှိုင်းရေကြီးလာပြီး တာတမံကျိုးပေါက်သွားသောကြောင့် နွားများကိုလည်း ဘုတ်များဖြင့် သယ်ယူနေကြရသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုသန်းဌေးက ပြောသည်။

“ဒီနေ့ ရေကြီးလို့ဆည်ကျိုးပါသွားတယ်၊ ဒါကြောင့် အခု နွားတွေကို ဘုတ်နဲ့သယ်ယူလာကြတွေ၊ ဆည်ကျိုးပဲ့သွားရင် စိုက်ထားတဲ့စပါးတွေလည်း ဘာမှရတော့မှာမဟုတ်ဘူး၊ ဘာလို့ဆို ကျွန်နော်တို့ဖက်က ပင်လယ်နဲ့နီးတယ်၊ ဒါကြောင့်ရေကငန်တယ်၊ စပါးက ၁ တောင်နီးပါးရှည်နေကြပြီး၊ ရေငန်ဝင်သွားရင်တော့ မရတော့ဘူး၊ အကုန်လုံးဆုံးရှုံးရတော့မယ်” ဟု၎င်းကပြောသည်။

ထိုကျွန်းမှဒေသခံများသည် မိုးစပါးများကိုမှီခို၍ စားသောက်နေထိုင်ကြသူများဖြစ်သည်။

ထိုပန်းတင်းကျွန်းတွင် သြဂုတ်လ ၂ရက်နေ့မှစ၍ မိုးကြီးပြီး ပင်လယ်ရေလှိုင်းကြီးသောကြောင့် ပင်လယ်ကပ်စမ်နားရှိ လူနေအိမ် ၅၀ ကျော် ပြိုကျပျက်စီးသွားခဲ့သည်။

ထိုနည်းတူ တောက်ကုတ်မြို့နယ် တန်းလွှဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းရွာမှ တာတမံသည် မုန်တိုင်းကြောင့် ရေကြီး၍ လှိုင်းတဟုန်ထိုးတိုက်ခတ်သောကြောင့် သြဂုတ်လ ၂ရက်နေ့ နေလည်ပိုင်းက ကျိုးပဲသွားသည်ဟု သိရသည်။

ထိုတာတမံကို ပြန်လည်ပြုလုပ်ရန် ငွေသိန်း ၁၀၀ ကျော်ကုန်ကျမည်ဟု သိရသည်။ ထိုတာတံမန်ကျိုးပေါက်သွားသည်ကို ရွာသားများဝိုင်းဝန်၍ ပြုလုပ်ပါက အချိန်ကြာမြင့်မည်ဖြစ်သောကြောင့် ဘက်ဟိုးဖြင့်ပြုလုပ်လိုကြောင်း ဦးသောင်းကျော်မှပြောသည်။

အကယ်၍ ရွာသားများကိုယ်တိုင်ထို တာတံမန်ကို ပြုလုပ်ပါက အချိန်ကြာပြီး စပါးပင်များကို ရေဘေးမှ အချိန်မီ လွတ်မြောက်အောင်ပြုလုပ်နိုင်မည်မဟုတ်ဟု ၎င်းကပြောသည်။

“တာတမံက နည်းနည်းပျက်စီးသွားတာမဟုတ်ဘူး၊ ဘက်ဟိုးနဲ့လုပ်မယ်ဆိုရင် အနည်းဆုံး ငွေသိန်း ၁၀၀ ကျော်ကုန်ကျမယ်၊ ဒေသခံတွေကိုယ်တိုင်လုပ်ရင်လည်းအဆင်မပြေဘူး၊ ဘာလို့ဆို စပါးပင်တွေက တအားရှည်နေကြပြီး၊ အခုဆည်ကျိုးသွားလို့ရေဝင်သွားတယ်၊ ဒါပေမယ့်ရေက ရေချိုဖြစ်လို့နည်းနည်းကံကောင်းတယ်၊ စပါးပင်တွေအကုန်လုံးတော့ မဆုံးရှုံးနိုင်ဘူး၊ အဲဒါကလည်း ပြန်ပြီးအချိန်မီ ပြုပြင်နိုင်မှ ပြောနိုင်မယ်” ဟုပြောသည်။

တောင်ကုတ်၊ သံတွဲ ဒေသဖက်တွင် မုန်တိုင်းငယ်တိုက်ခတ်ခဲ့သောကြောင့် မိုးကြီး၍ ရေ ၄ပေ မှ ၅ပေ ထိမြင့်တတ်နေသည်ဟုသိရသည်။

ထိုရေတတ်မှုကြောင့် ကလေးငယ်များ ကျောင်းပိတ်ထားရခြင်း၊ စျေးများပိတ်ထားရခြင်းနှင့် အိမ်များပြိုကျခြင်းတို့ဖြစ်သွားကြသည်။

ယခင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ဆည်နှင့် တာတမံ အများစုကိုလည်း ပြန်လည် မပြုပြင်နိုင်ကြသေးသည့်အတွက် လယ်သမားများမှာ လယ်မလုပ်ဘဲ ပစ်ထားကြရသည်။

ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ် ရွှေကမ္ဘာရွာတွင် တာတမံများကျိုးပေါက်သွားသည့်မြင်ကွင်/ထွန်းသာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ