Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် နောက်ထပ် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး သတ်ဖြတ်ခံရပြီး ဆိုင်ကယ်လုခံရ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် တောင်ကုတ်မြို့ နယ်တွင် မောင်းချောင်း တံတားအောက်တွင် လည်ပင်းကိုကြိုးဖြင့်ဆွဲကာ အသတ်ခံထားရသည့် လူသေအလောင်း ၁ လောင်းကို ယနေ့ဖေဖော်ဝါရီလ ၅ရက်နေ့က တွေ့ရှိခဲ့သည်ဟု သိရသည်။

အသတ်ခံရသူမှာ တောင်ကုတ်မြို့ ချောင်းခေါင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀အရွယ် ဦးသောင်းမြင့်ဖြစ်ပြီး ၎င်းသည် ဆိုင်ကယ်ကယ်ရီအငှားလိုက်ရာလမ်းခုလတ်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးပြောကြားချက်အရသိရသည်။

ဦးသောင်းမြင့်မှာ ယနေ့ မနက်က တောင်ကုတ်မြို့မှ ခရီးသည် ၂ ဦးဖြင့် ထွက်ခွာသွားခဲ့ပြီး နေ့လည်တွင် အလောင်းအား မောင်းချောင်းတံတားအောက်တွင် လည်ပင်းအား ကြိုးဖြင့် ဆွဲကာ သတ်ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရသည်ဟု အလောင်းတွေ့ရှိသူများက ပြောသည်။

“သူကဆိုင်ကယ်ကယ်ရီ ဆွဲပါတယ်၊ ကျွန်တော်တို့ကြားရသလောက်တော့ သူ့ကို လူနှစ်ယောက်က ဆိုင်ကယ်အငှားခေါ်သွားတယ်လို့ ပြောသံကြားပါတယ်၊ ပြီးတော့ သူ့အလောင်းကို ၂ နာရီကျော်လောက်မှာ တွေ့ခဲ့တာပါ၊ ကျွန်တော်တို့ သွားကြည့်လိုက်တော့ လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးသေနေတာကို တွေ့ခဲ့ပါတယ်” ဟုပြောသည်။

ထို့အပြင် ဆိုင်ကယ်ငှားသူ ၂ ဦးမှာ လူကိုသတ်ပြီး ဦးသောင်းမြင့်၏ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်ကိုလည်း ယူသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“သူ့အလောင်းကိုတော့ တွေ့ပါတယ်၊ ဒါပေမဲ့ ပါသွားတဲ့ ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်ကိုတော့ မတွေ့တော့ပါဘူး၊ ဖြစ်နိုင်တာကတော့ သူတို့တွေ ယူသွားလောက်ပါတယ်” ဟုပြောသည်။

ထို့နည်းအတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ် တန်းလွှဲရွာမတိုက်နယ် ကျွန်းတောတောင်အနီး ချောင်းကမ်းနားတွင် ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်ကို ယူသွားခဲ့ကြကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

ထိုအမှုများနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် နောက်ထပ် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး သတ်ဖြတ်ခံရပြီး ဆိုင်ကယ်လုခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ