Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီမှ နွား ၂၅ကောင်ကိုသိမ်းယူသွားပြီး နွားပိုင်ရှင်များကိုလည်းလိုက်ဖမ်းနေ

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှ စစ်ကောင်စီတပ်က နွားအကောင်ရေ ၂၅ ကောင်ကိုသိမ်းယူသွားပြီး နွားပိုင်ရှင်များကိုလည်း ယနေ့ဒီဇင်ဘာ ၅နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရန် လိုက်ရှာနေသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ တစ်ဦးက ABN ကို ပြောသည်။

စစ်ကောင်စီတပ်မှ သိမ်းယူသွားသည့် နွား ၂၅ ကောင်မှာ ထိုရွာမှ နွားကုန်သည် ၄ ဦးပိုင်ဆိုင်သည့် နွားများဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့က ရွာမှနွားများအားလုံးကို ရွာတွင် စုထားခိုင်းခဲပြီး ရွာသားများ၏ နွားများကို ပြန်ယူသွားခိုင်းခဲ့သော်လည်း နွားကုန်သည်၏ နွားများကို မူ ပြန်မပေးဘဲ သိမ်းထားလိုက်ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ဟုတ်ပါတယ် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေပါပါတယ်။ သူတို့က ဒီဇင်ဘာလ ၃ရက် မနက် ၁၁ နာရီကျော်ခန့်လောက်က ကားနှစ်စီးနှင့်ရွာထဲသိုဝင်ရောက်လာပြီး တရွာလုံးရှိနွားတွေကို စုခိုင်းခဲ့တယ်။ ပြီးတော့ ရွာလူကြီးတွေနှင့် လယ်သမားတွေကိုခေါ်ပြီး ရွာသားတွေရဲ့ နွားတွေကိုပြန်ပေးလိုက်တယ်။ ဒါပေမယ့်လို့ ကုန်သည် ၄ ယောက်ရဲ့ နွားတွေကိုတော့ စစ်တပ်က ကားနဲ့ယူသွားပါတယ်” ဟုပြောသည်။

နွားပိုင်ရှင်များမှာ ကိုယ်စားလှယ် ဦးဝင်းမြင့်အပါအဝင် ၄ ဦးဖြစ်ပြီး ၎င်းတို့သည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာတွင်နေထိုင်ကြသူများဖြစ်သည်။

စစ်ကောင်စီတပ်က ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ယမန်နေ့ ဒီဇင်ဘာ ၄ရက် ညနေတွင် ဖမ်းဆီးရန် လာရောက်စဥ် သူ့အား မတွေ့သဖြင့် သားမက်ဖြစ်သူ မောင်ဇော်သန်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။

ထိုသူကို တောင်ကုတ်မြို့ တပ်မ စကခ(၅၅) တွင် ဖမ်းဆီးသိမ်းဆည်းထားခဲ့ပြီး ၎င်းသည် ဒီနေ့ ဒီဇင်ဘာ ၅ရက်နေ့တွင် ပြန်လည် ထွက်ပြေးလွတ်မြောက်လာသည်ဟု ခိုင်မာသည့် သတင်းရင်းအမြစ်တစ်ဦးက ABNကို ပြောသည်။

“ဟုတ်ပါတယ် ‌ကို‌ဇော်သန်းထွန်း‌‌တော့ ထွက်ပြေးလို့ လွတ်လာပါပြီ အခုပုန်းရှောင်နေရပါသေးတယ်ဗျ နွားတွေကိုတော့ သူတို့ ဒီနေ့ကုန်တင်ကားပေါ်တင်ပြီး ယူဆောင်သွားပါတယ်၊ ဒါပေမဲ့ ပိုင်ရှင်တွေကို‌တော့ဆက်ပြီး လိုက်ရှာနေကြပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်လာသူ ကိုဇော်သန်းထွန်းအပါအဝင် နွားကုန်သည် ၄ ကို စစ်ကောင်စီတပ်က ဆိုင်ကယ်များဖြင့် တစ်ရွာ တစ်ရွာထွက် ပိုက်တိုက်စစ် လိုက်ရှာနေကြကြောင်း ABN က စုံစမ်းသိရှိရသည်။

နွားကုန်သည်များမှာ ဘူးသီးတောင် မောင်တော ဒေသများဖက်သို့ နွားများဖြင့် ကုန်ပို့နေသည့် သူများဖြစ်ပြီး စစ်ကောင်စီမှကောက်သည့် အကောက်ခွန်ကိုလည်း ပေးဆောင်လေ့ရှိကြသူများ ဖြစ်ကြောင်း ရွာသားများ ပြောကြားချက်အရ သိရသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီမှ နွား ၂၅ကောင်ကိုသိမ်းယူသွားပြီး နွားပိုင်ရှင်များကိုလည်းလိုက်ဖမ်းနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ