Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စု ၁ စုမှ လူငယ် ၃၀ခန့်စီ စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီအဖွဲ့က ခေါ်ယူဖိအားပေး

တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စု ၁ စုမှ လူငယ် ၃၀ခန့်စီ စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီအဖွဲ့က ခေါ်ယူဖိအားပေး

AB News – မတ်လ ၂၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာအုပ်စု ၁ စုမှ လူငယ် ၃၀ခန့် ပေးရမည်ဖြစ်ကြောင်း  ယနေ့ မတ်လ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ခေါ်ယူဖိအားပေးခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များမှ သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ ဦးစီးကာ တောင်ကုတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီအဖွဲ့က တောင်ကုတ်မြို့နယ်ရှိ အုပ်စု ၁ စုမှ လူငယ် ၃၀ ခန့် စစ်မှုထမ်းရန် ပေးရမည်ဟု ဖိအားပေးပြောဆိုခဲ့သည်ဟု တောင်ကုတ်မြို့ခံ ၁ဦးက ပြောသည်။

“ရွာတွေက တပ်သားသစ် တောင်းခံတာဖြစ်တယ်။ အုပ်စု ၁စုက အရွယ်ကောင်းလူငယ် ၃၀ခန့် စစ်မှုထမ်းရမယ်လို့ ကြားသိရတယ်။ သူတို့(စစ်ကောင်စီ)ထံ ဘယ်သူမှ စစ်မှုမထမ်းချင်ကြဘူး။ ရွာသားတွေက စစ်သားတွေ ရွာထဲ ဝင်ဖမ်းမှာကို ကြောက်နေကြတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက် ၈ခု၊ ကျေးရွာအုပ်စု ၅၂ စုနှင့် ကျေးရွာပေါင်း  ၂၀၇ ရွာ ရှိကြောင်း သိရသည်။

သံတွဲမြို့ထဲတွင် ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့က စစ်မှုထမ်းခေါ်ယူခံရသည့် စစ်သင်တန်းတက်ရောက်မည့်သူများအတွက် စားစရိတ်ထောက်ပံ့ကြေးငွေဟု အမည်တပ်ကာ အိမ်ထောင်စု ၁စုလျှင် ၅၀၀၀ ကျပ်စီ စစ်ကောင်စီအဖွဲ့က ကောက်ခံခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။

သံတွဲမြို့တွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး  ကျေးရွာအုပ်စု ၁စုမှ လူငယ် ၂ဦးကျစီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မဲနှိုက်ရွေးချယ်ကာ စစ်သင်တန်းခေါ်ယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ် အမျိုးသား ၁၀၇ဦးတို့အား စစ်မှုထမ်းရန် အဓမ္မခေါ်ယူခဲ့ကာ စစ်သင်တန်းတက်ရောက်စေခဲ့သည်။

ရသေ့တောင်မြို့အား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ရပြီးနောက် စစ်ကောင်စီက လတ်တလော ရက်တိုသင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းခံရသည့် မူဆလင်လူငယ် အလောင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရကြောင်း မတ်လ ၁၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့သည်။

စစ်မှုမထမ်း မနေရ ဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီးနောက် မြန်မာပြည်အနှံ့မှ လူငယ်များမှာ စစ်ကောင်စီဘေးမှ လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်သူများပြားလာသည်ကိုလည်း တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ