Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့ခံတစ်ဦး သတ်ဖြတ်ခံရကာ ဆိုင်ကယ်နှင့် ဖုန်းတို့ကိုပါ လုယူသွားမှုဖြစ်ပွား

ABN- ရာဟု

ဇူလိုင် ၃၁ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဒေသခံတစ်ဦးကို ဇူလိုင်လ ၃၀ရက်နေ့က သတ်ဖြတ်ခံရကာ ၎င်းတွင်ပါလာသည့် Dream -125ဆိုင်ကယ်နှင့်ဖုန်းကိုပါ လုယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အသတ်ခံရသူမှာ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်၊ တာဝတိသာ လမ်းမှအသက် ၄၅နှစ် အရွယ် ဦးစံသိန်းအောင် ဖြစ်​ပြီး နေအိမ်မှ ၎င်းပိုင် ကြက်ခြံသို့သွားသည့်လမ်းတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

အသတ်ခံရသူ ဦးစံသိန်းအောင်၏ လည်ပင်းတွင် ဓားဒဏ်ရာတစ်ချက်၊ လည်ပင်းရိုးတွင်ဓားဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် ဓားဒဏ်ရာ ၂ချက် စုစုပေါင်းဓားဒဏ်ရာ ၅ချက်ရရှိကာ သေဆုံးလျှက်တွေ့ရှိရသည်ဟု သိရသည်။

ဦးစံသိန်းအောင်မှာ ဇူလိုင်လ ၃၀ရက်နေ့က ၎င်းပိုင်ကြက်ခြံသို့ဆိုင်ကယ်ဖြင့်ထွက်သွားရာ ညနေ ၈ နာရီ အထိ အိမ်ကိုပြန်မရောက်လာသဖြင့် ဇနီးသည်က ဖုန်းဖြင့်ဆက်ခေါ်ရာတွင် ဖုန်းစက်ပိတ်ထားသောကြောင့် ဆွေမျိုးများနှင့် မိီးချောင်းထိုးကျေးရွာတာဝန်ရှိသူများ စုပေါင်းကာ လိုက်လံ ရှာဖွေရာ တောင်ကုတ်တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်နှင့် ကိုက် ၅၀ ခန့်အကွာတွင် သေလျှက်တွေ့ရှိခဲ့ခြင်းဖြစ်​သည်ဟု လိုက်ရှာရာတွင်ပါဝင်ခဲ့သည့် မိးချောင်းထိုးရွာလူကြီးတစ်ဦးက ပြောဆိုသည်။

“သူ့မိန်းမက သူ့ကိုဖုန်းဆက်တာ မကိုင်လို့ ကြက်ခြံကိုသွားရှာသေးတယ်တဲ့၊ မတွေ့ဘူး။ နောက်မှ မီးချောင်းထိုးက ကျေးရွာတာဝန်ရှိသူတွေကိုအကူအညီတောင်း လိုက်ရှာတာပါ၊ တက္ကသိုလ်စစ်ဆေးရေးဂိတ်နားက လမ်းဘေးမှာ သတ်ခံထားရပြီး သေနေတာကိုတွေ့တာ” ဟု ​မီးချောင်းထိုးရွာလူကြီးတစ်ဦးမှကABNသို့ပြောသည်။

ဦးစံသိန်းအောင်မှာတောင်ကုတ်မြို့နယ် မီးချောင်းထိုးကျေးရွာအလွန် တောင်ကုတ်-မအီကားလမ်းဘေး၌ ကြက်ခြံသို့နေ့စဥ် ဆိုင်ကယ်ဖြင့် သွားလာလေ့ရှိပြီး ယခု သွားရောက်စဥ်အပြန်တွင် အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်တွင် လူသတ်မှု၊ လူသေမှု ဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာနေပြီး ဇူလိုင်လ ၁၇ရက်နေ့ကလည်း ကျောက်ဖြူမြို့ ကလာဘာတောင်ရပ်ကွက်တွင် အမည်မသိလူသေအလောင်းတစ်ခုတွေ့ရှိခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ