Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများ၏ စက်လှေများနှင့် ငါးဖမ်းဘုတ်များအား ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများပြုနေ

ယခုရက်ပိုင်းတွင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကြားတွင်ရှိသော စပါးကြီးကျွန်း အနီးတွင် စစ်ကောင်စီတပ်၏ နေဗီတစ်စီးဝင်ရောက်ကာ အရပ်သားပြည်သူများအား စစ်ဆေးမေးမြန်းခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုနေဗီမှာ ခမရ ၄၁၄ တပ်ရင်းမှ ဖြစ်ပြီး အင်အား ၃၀ ခန့်ပါဝင်ကာ ယခု နိုဝင်ဘာလ ၅ ရက်နေ့မှစကာ စပါးကြီးကျွန်းအနီးရှိ စပါးကြီးမြစ်ပြင်တွင် ဝင်ရောက်အခြေစိုက်နေလျက်ရှိပြီး မြစ်ပြင်တွင် သွားလာနေသော ရခိုင်ပြည်သူများ၏ စက်လှေများ၊ ဘုတ်များနှင့် ငါးဖမ်းလှေများအား သေနတ်ပစ်ဖောက်၍ခေါ်ယူကာ ULA / AA နှင့် ဆက်စပ်မှု ရှိ မရှိ မေးမြန်းမှုများ ရှိနေသည့်အပြင် ရိုက်နှက်ဖမ်းဆီးမှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ရမ်းဗြဲမြို့နယ် သဲချောင်းတိုက်နယ်မှ မြေပုံရွာနှင့် ဂျင်းတောရွာ ‌လှေ (ပိုက်)ဆိပ်များမှ ရေလုပ်သားများအား ခေါ်ကာ ULA/ AA နှင့် မပတ်သတ်ရန်၊ AA ကို သတင်းမပေးရန်အတွက် ခြိမ်းခြောက်ပြောဆိုမှုများအပြင် သူတို့ စစ်ကောင်စီ နေဗီအား ပုဇွန်၊ ငါးခြောက်စသော စားနပ်ရိက္ခာများကို တစ်နေ့တစ်ကြိမ် လာပို့ရန် ပြောဆိုမှုများလည်း ရှိခဲ့သည်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း လမူးတိုက်နယ်၊ လမူးချောင်ဖက်မှ ထွက်လာသော ထင်းသယ်လာသည့် ဘုတ်တစ်စီးအား သေနတ် ၅ ချက်ပစ်ဖောက်ခေါ်ကာ ULA/ AA နှင့် ပတ်သတ်မှုရှိ၊ မရှိ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုအတူ ၈ ရက်နေ့တွင် တန်းလွှဲဒေသ၊ တန်းလွဲချောင်းအနီး ဒိုးပါစီ လှေ(ပိုက်) ဆိပ်မှ ရေလုပ်သား ၁၅ ဦးအား စပါးကြီးမြစ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်နေဗီမှ ခေါ်ကာ ၁ နာရီခန့် ကြာသည့် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ULA / AAအား သတင်းမပေးရန်နှင့် ဆက်စပ်မှုမလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ငါးနှင့် ပုဇွန်ခြောက်များ သူတို့ (စကစ)အား ပေးပို့ရန် ပြောခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ထိုသို့ ခြိမ်းခြောက်မှုများကြောင့် ယင်းနေ့တွင်ပင် ဒိုးပါစီ ပိုက်ဆိပ်မှ ရေလုပ်သား ၂ ဦးတို့မှာ သူတို့( စကစ နေဗီ) အား ရိက္ခာသွားပို့စဉ် စစ်ကောင်စီတပ်သားများမှ ထိုသူနှစ်ဦးအား ULA/ AAနဲ့ ပတ်သတ်မှုရှိသည်ဟု စွပ်စွဲကာ ပါးကို ၃ ချက်စီရိုက်ပြီး မိနစ် ၃၀ ခန့် စစ်ဆေးမှုများလုပ်ခဲ့ပြီး AAနဲ့ပတ်သတ်သည့် သတင်းများကို သူတို့ထံ လာပေးရန် ခြိမ်းခြောက်ပြောဆိုလိုက်သည်ဟု ရိုက်နှက်ခံရသူ နှစ်ဦးက ABNကို ပြောသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီ နေဗီမှ သူတို့၏ စစ်ရေယာဉ် ရပ်နားရန်အတွက် ဒိုးပါစီ ပိုက်ဆိပ်မှ ရေလုပ်သားများ၏ ပိုက်တိုင်များကို နိုဝင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဖြုတ်ပေးရန် ပြောထားကြောင်းသိရသည်။

ထိုစစ်ရေယာဉ်မှ စစ်ကောင်စီ တပ်သား ၃၀ ခန့်မှာ နိုဝင်ဘာလ ၅ရက်နေ့မှ စ၍ ရေကြောင်းသွားလာနေသူများ၊ ရေလုပ်သားများနှင့် အနီးအနားရှိ ရွာများကို စစ်ဆေးမေးမြန်းမှုများနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ