သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် လူငယ်များ စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီအဖွဲ့က ခေါ်ယူဖိအားပေး

တောင်ကုတ်တွင် လူငယ်များ စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီအဖွဲ့က ခေါ်ယူဖိအားပေး

AB News – မတ်လ ၁၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် လူငယ်များ စစ်မှုထမ်းဆောင်ရန် ယနေ့ မတ်လ ၁၈ရက်နေ့၊ ၁၀နာရီ ၃၅မိနစ်ခန့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ခေါ်ယူဖိအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ ဦးစီးကာ တောင်ကုတ်မြို့နယ်၊ မြို့မတိုက်နယ် အထက (၁)ကျောင်း၌ ပြုလုပ်သည့်အစည်းအဝေးသို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီအဖွဲ့က လူငယ်များ စစ်မှုထမ်းဆောင်ကြရန်နှင့် ၁လလျှင် ကျေးရွာ ၁ရွာမှ ၁ယောက်ကျနှုန်းဖြင့် စစ်မှုထမ်းရမည်ဟု ဖိအားပေးခဲ့ပြောဆိုခဲ့ကြောင်း တောင်ကုတ်မြို့ခံသား ၁ဦးက ဆိုသည်။

“ကျေးရွာတွေက တပ်သားသစ် တောင်းခံတဲ့ ကိစ္စပါ။ ၁လမှာ ကျေးရွာ ၁ရွာက တစ်ဦးကျ ပေးရမည်လို့ ကြားသိရတယ်။ ဒီကလူငယ်တွေက စစ်ကောင်စီတပ်မှာ စစ်မှူးထမ်းဆောင်ချင်တယ်လို့ မကြားရဘူး။ သူတို့(စစ်ကောင်စီ) ရွာတွေကို ဝင်ဖမ်းမှာကို ကြောက်ရွံ့နေကြတယ်” ဟု ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများက ၁လလျှင် တပ်သားသစ် ၁ဦးမပေးလျှင် ပြည်သူများထံသို့ စာထုတ်ပြီး စစ်ကောင်စီအဖွဲ့ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၇ရက်နေ့တွင် သံတွဲမြို့ထဲတွင် စစ်မှုထမ်းခေါ်ယူခံရသည့် စစ်သင်တန်းတက်ရောက်မည့်သူများအတွက် စားစရိတ်ထောက်ပံ့ကြေးငွေဟု အမည်တပ်ကာ အိမ်ထောင်စု ၁စုလျှင် ၅၀၀၀ ကျပ်စီ စစ်ကောင်စီအဖွဲ့က ကောက်ခံနေကြောင်းလည်း သိရသည်။

သံတွဲမြို့တွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ပြီးခဲ့သည့် မတ်လ ၆ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခု မတ်လအတွင်း ကျေးရွာအုပ်စု ၁ခုမှ လူငယ် ၂ဦးစီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းခေါ်ယူနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ် အမျိုးသား ၁၀၇ဦးတို့အား စစ်မှုထမ်းရန် အဓမ္မခေါ်ယူခဲ့သည်။

ရသေ့တောင်မြို့အား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ရပြီးနောက် စစ်ကောင်စီက လတ်တလော ရက်တိုသင်တန်းပေးပြီး စစ်တိုက်စေခဲ့သည့် မူဆလင်လူငယ် အလောင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရကြောင်း မတ်လ ၁၇ ရက်နေ့က AA ၏ စစ်ရေးသတင်း ထုတ်ပြန်ချက်ကဆိုသည်။

စစ်မှုမထမ်း မနေရ ဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီးနောက် မြန်မာပြည်အနှံ့မှ လူငယ်များမှာ စစ်ကောင်စီဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်သူ များပြားလာသည်ကိုလည်း တွေ့ရသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×