Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ပြည်သူ ၃ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွား

တောင်ကုတ်တွင် ပြည်သူ ၃ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွား

AB News-ဒီဇင်ဘာ ၂၂၊ ၂၀၂၃

တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့က ပြည်သူ ၃ ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီက ဖမ်းဆီးသွားသူ ၃ ဦးမှာ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ တပျော့ရွာမှ အသက် ၁၇ နှစ်အရွယ် ကိုဆန်းမင်းနိုင်၊ အသက် ၁၉အရွယ် ကိုညီနိုင်စိုးနှင့် အသက် ၄၁ နှစ်အရွယ် ဦးဝင်းရွှေတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးအား တောင်ကုတ်မြို့ အခြေစိုက် စစ်ကောင်စီအဖွဲ့ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းက ရွာထဲ ဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရွာသား တစ်ဦးက ပြောသည်။

” ဒီအနားမှာ တိုက်ပွဲ ဖြစ်တာလည်းမရှိဘူး။ စစ်ကြောင်း ရွာထဲဝင်လာပြီးတော့ တွေ့တဲ့ ယောကျ်ားတွေကို ဖမ်းသွားတာပါ။ ပထမတော့ ၆ ယောက်ဖမ်းတယ်။ နောက် ၃ ယောက်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ ရွာသားတွေလည်း ကြောက်နေကြပါတယ်” ဟုပြောသည်။

၎င်း စစ်ကြောင်းမှာ ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ညက သံတွဲမြို့နယ် ပုပုရစ်ရေသောက်ရွာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချခဲ့ကြောင်း သိရပြီး လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရသူ ၃ ဦးလည်း ၎င်းတို့နှင့်အတူ တွေ့လိုက်ကြောင်း မျက်မြင်ဒေသခံများက အတည်ပြုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က သံတွဲမှ တောင်ကုတ်ဖက်သို့ လာသည့် စစ်ကောင်စီယာဥ်တန်းကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာပြင်းထန်ရခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီအဖွဲ့သည် ရပ်ရွာများအား ဝင်ရောက်ပြီး မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် လူနေရပ်ရွာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများနှင့် လူသားဒိုင်းကာအဖြစ် ပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ