ABN-ရှိုင်းမိုး
ရခိုင်ပြည် တောင်ကုတ်မြို့တွင် စစ်ကောင်စီမှ ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးနေသော်လည်း လိုင်စင်လာရောက်ပြုလုပ်သူ အနည်းငယ်သာရောက်ရှိသည်ဟု သိရသည်။
ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်ရန် မတ်လ ၆ရက်နေ့မှစ၍ ၁၀ ရက်နေ့ထိ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် ဘောလုံးကွင်းတွင် စစ်ကောင်စီအဖွဲ့ဝင်များလာရောက်၍ ပြုလုပ်နေသည်ဟုသိရသည်။
ဆိုင်ကယ်လိုင်စင်ပြုလုပ်လာသူအများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြောင်း တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
” ဒီလ ၆ရက်နေ့ကပင် ၁၀ ရက်နေ့အထိလို့ပြောပါတယ်၊ ဒါပေမယ့် လိုင်စင်သွားလုပ်တဲ့လူတွေ သိပ်မရှိပါဘူး၊ အစိုးရဝန်ထမ်းတွေတော့ လုပ်နေတာမြင်ပါတယ်” ဟုဆိုသည်။
ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်ကောက်ခံသည့်ငွေမှာ စုစုပေါင်း ၃၁၉၀၀ ကျပ်ပေးရမည်ဟု သိရသည်။
သို့သော်လည်း ၂၀၁၂ မှ ၂၀၁၅ ထုတ်ကုန်မော်ဒယ်များကို မော်ဒယ်အောက်ဆိုင်ကယ်များအဖြစ်သတ်မှတ်ပြီး ဒဏ်ငွေ ၇ သောင်းမှ ၁ သိန်း ၆ သောင်းထိ တပ်ထားသည်ကိုတွေ့ရသည်။
တရုတ်နိုင်ငံထုတ် ၇၀၀၀၀ မှ ၈၀၀၀၀ ၊ ထိုင်းနိုင်ငံထုတ် ၁၄၀၀၀၀မှ ၁၆၀၀၀၀ ၊ အိန္ဒိယနိုင်ငံထုတ် ၁၀၀၀၀၀ မှ ၁၂၀၀၀၀ နှင့် ဗီယက်နမ်နိုင်ငံထုတ် ၁၄၀၀၀၀ မှ ၁၆၀၀၀၀ တို့ကို အသီးသီး ဒဏ်ကြေးပေးရမည်ဟု သတ်မှတ်ထားသည်ကိုတွေ့ရသည်။
လိုင်စင်မပြုလုပ်သည့် ဆိုင်ကယ်များကို ဖမ်းမိလျှင် ဒဏ်ကြေးငွေပေးရမည်ဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်းတွင်လည်း မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့တို့တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခဲ့သည်ကို တွေ့ရသည်။





