Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲဖြစ်နေသည့် ရမ်းဗြဲအပါအဝင် ကျောက်ဖြူ တို့တွင် လျှပ်စစ်မီးဖြတ်တောက်ခံထားရ

AB News- ဒီဇင်ဘာ ၁၉၊ ၂၀၂၃

လတ်တလောတိုက်ပွဲဖြစ်နေသည့် ရက္ခိုင်ပြည်နယ် တောင်ပိုင်း ရမ်းဗြဲမြို့နယ်အပါအဝင် ကျောက်ဖြူနယ်တို့တွင် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည်ဟု AB News မှ စုံစမ်းသိရှိရသည်။

ရက္ခိုင်ပြည် တောင်ပိုင်း ရမ်းဗြဲမြို့တွင် ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့က စပြီး ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၈ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၌ လျှပ်စစ်မီးပြတ်သွားသည်မှာ ကျောက်ဖြူ ဓာတ်အားခွဲစက်ရုံမှ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည် ဟု ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

“မနေ့က ရမ်းဗြဲမှာ စစ်ကောင်စီ နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ရဟတ်ယာဥ်တွေ၊ ဒရုန်းတွေနဲ့ အစုံနဲ့ပစ်တာဘဲ။ ညနေ ၆ နာရီလောက်တော့ မီးကပြတ်သွားတယ်။ တဆက်တည်းမှာဘဲ ဒရုန်းတွေ၊ လေယာဥ်တွေနဲ့ လာကြဲတော့တယ်” ဟုဆိုသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၃ နာရီကျော်ခန့်တွင်လည်း ကျောက်ဖြူမြို့ ဓာတ်အားခွဲ စက်ရုံမှ မီးဖြတ်တောက်လိုက် ခြင်းကြောင့် ကျောက်ဖြူမြို့နယ်၌ မီးပြတ်သွားကြောင်း သိရသည်။

” မနေ့ကတော့ ရမ်းဗြဲကိုစဖြတ်တယ်လို့ကြားတယ်၊ မနက် ၃ နာရီကျော် လောက်တော့ ကျောက်ဖြူလည်း မီးပြတ်သွားတယ်” ဟုဆိုသည်။

လက်ရှိတွင်လည်း ရမ်းဗြဲကျွန်းအား စစ်ကောင်စီအဖွဲ့ နေဗီများဖြင့် ဝိုင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး ရမ်းဗြဲမြို့အနီးရှိ ကျေးရွာများတွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲ၍ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ရမ်းဗြဲမြို့ထဲတွင် ယမန်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်၍ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦးကျော် ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရမ်းဗြဲမြို့နယ်တွင် ဖုန်းတာဝါတိုင်များ စက်သုံးဆီပြတ်လပ်နေသည့်အတွက် ဖုန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ