Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ရွာလုံး ရေနစ်မြုပ်သွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဇဥ့်ပင်ရင်းရွာ အစားအသောက်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ABN-မေ ၂၁ ရက်

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ရွာလုံး ရေနစ်မြုပ် ပျက်စီးသွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဇဥ့်ပင်ရင်းရွာတွင် အစားအသောက်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု ရွာသားများက ပြောသည်။

မုန်တိုင်းတိုက်ပြီး ၁ ပတ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ယနေ့ မေလ ၂၁ ရက်နေ့အထိ မည်သည့်အဖွဲ့အစည်းကမှ ကယ်ဆယ်ရေးပစ္စည်းများ လာရောက် ထောက်ပံ့ပေးခြင်းမရှိသေးကြောင်း ရွာသားများက ပြောသည်။

၎င်းအပြင် ကျေးရွာတွင်းရှိ ရေတွင်း ရေကန်များမှာလည်း ဆားငံရေ ဝင်ရောက်သွားခဲ့သည့်အတွက် သောက်သုံးရေ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ရွာလူကြီး ဦးကြာလှအောင်က ABN သို့ပြောသည်။

“ရွာက တစ်ရွာလုံးဘာမှ မကျန်ဘူး အကုန်ပျက်စီးကုန်တယ်။ ရေကန်တွေလည်း ရေငံဝင်သွားလို့ သောက်လို့မရတော့ဘူး။ စားစရာဆန်လည်းကုန်ပြီ။ ဒီနှစ်လယ်ကလည်း လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ကူညီကယ်ဆယ်ရေးမရရင် ငတ်သေဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

ဇဥ့်ပင်ရင်း ကျေးရွာမှ ရွာသားများမှာ မြစ်အလယ် ကျွန်းတွင် တည်ဆောက်ထားသည့် ရွာဖြစ်ပြီး နေအိမ် ၃၀ ကျော်ခန့်ရှိသည်။

ရွာသားများမှာ သောက်သုံးရေများကို စက်လှေများဖြင့်သွားရောက်ပြီး တဖက်ကမ်းရှိ ရွာများမှ ခပ်ယူအသုံးပြုနေရကြောင်း ရွာသားများက ပြောသည်။

“ကယ်ဆယ်ရေးလည်း ရောက်မလာဘူး။ အိမ်ကိုလည်း ပြန်မပြင်နိုင်တော့ဘူး။ ရှိတဲ့ဆန်ကလည်း ကုန်ပါပြီ။ ကယ်ဆယ်ရေးမှ မလာရင် ငတ်တော့မှာပါ” ဟု ဇဥ့်ပင်ရင်းရွာသား ဦးမောင်အေးသာက ပြောသည်။

ရခိုင်တွင် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများမှ တောင်သူများမှာ လယ်ကွင်းများကို ဆားငံရေဝင်သွားသည့်အတွက် ယခုနှစ်တွင် စပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ရခိုင်တောင်သူများက ပြောနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ