Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများ စုစည်းမှု

ဖေဖော်ဝါရီ၁၂ရက်နေ့သတင်းများ

တူရကီနှင့် ဆီးရီးယားတွင် အင်အားပြင်း မြေငလျင် တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၃၀၀၀ ကျော်ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ ဒေသတရားရုံးက မသန္တာဝင်းအသတ်ခံရမှုနှင့် ပတ်သက်၍ ဦးမျိုးမြင့်ဇော်အား ပြစ်မှုထင်ရှားသဖြင့် ဖေဖော်ဝါရီလ ၃ရက်နေ့က ကြိုးကွင်းစွပ် သေဒဏ်ချမှတ်ခဲ့သော်လည်း ဇနီးဖြစ်သူ ဒေါ်ဝေဝေဆန်းက ၎င်း၏ ယောက်ျားမှာ လူသတ်မှုကျူးလွန်သည်ဟု တစ်ကြိမ်မှ APA တရားရုံးတွင် ဝန်ခံမှုမရှိခဲ့ခြင်းကြောင့် ယခုချမှတ်လိုက်သည့် သေဒဏ်အမိန့်ကို မကျေနပ်သဖြင့် အယူခံကို အဆုံးထိတက်သွားမည်ဟုပြောသည်။

ဖေဖော်ဝါရီ ၁၁ရက်နေ့သတင်များ

ရက္ခိုင့် ကံကြမ္မာကို ရခိုင်လူမျိုးများ ကိုယ်တိုင် ပြဌာန်း ဆုံးဖြတ်ခွင့်ရဟိရီး၊ အမျိုးသားတန်းတူရီး ၊ ရက္ခိုင်အမျိုးသားတပ်တော်တစ်ခုတည်ဆောက်ရီးရို့အတွက် အမျိုးသားတော်လှန်ရီးတစ်ရပ်ကို ဆင်နွှဲနီကတ်စဥ်ကာလတွင် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်၊ ကရင်တော်လှန်ရီး ဂေါင်းဆောင် ၆ဦးကို အန်ဒမန်ကျွမ်းစုအတွင်းဟိ Landfall ကျွန်းပေါ်တွင် ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နိတွင် မြန်မာအစိုးရမှ အိန္ဒိယအစိုးရနှင့်အတူ ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခသည်မှာ ဂနိ ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ ၁၁ရက်နိဆိုလျှင် ၂၅နှစ်ပြည့် ငွေရတုတိုင်ခဗျာယ် ဖြစ်ပါသည်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက် ဓမ္မဏ္ဍိုင် ဘုန်းကြီးကျောင်းဝင်းထဲရှိ အနောက်ဖက် သင်္ဃာဆောင် မှာ ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက် ၉နာရီ ၄၅မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး သက်တော် ၇၂နှစ် ဝါတော်၃၀ဝါ ရှိကာ လေဖြတ်ရောဂါ ခံစားနေရသည့် ဦးပဏ္ဍဝမှာ မီးလောင်မှုဖြစ်ပွားချိန်တွင် အခန်းထဲမှ ထွက်မရောက်ဘဲ မီးထဲတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်ရှိ ပညာရေးဌာနမှ ပညာရေးဝန်ထမ်းများမှာ ဝန်ထမ်းဝတ်စုံခ ၂၀၀၀၀ကျပ်နှင့် အိမ်းငှားခများအတွက် ထောက်ပံ့ငွေ များကို ယခုနှစ်တွင် စတင်ရရှိကြောင်း သိရှိရသည်။ အိမ်ထောင်သည် ဝန်ထမ်းများမှာ တစ်လလျှင် ၎င်းတို့ရရှိသည့် လစာ၏ ၈ရာခိုင်နှုန်း၊ လူပျို အပျို လူလွတ်များမှာ လစာ၏ ၄ရာခိုင်နှုန်းခန့်ထောက်ပံ့ငွေများ ရရှိကာ ၅လစာအတွက် ထောက်ပံ့ငွေများကို ဖေဖော်ဝါရီလတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ချော်ချောင်းကျေးရွာတွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ကျဆုံးသွားသည့် ရဲဘော်များအတွက် ၂၅နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့ကာ အခမ်းအနားသို့ ဗိုလ်ချုပ်ခိုင်ရာဇာ၏ ရဲဖော်ရဲဖက်ဟောင်းများ၊ ဆွေမျိုးများနှင့် ပြည်သူလုထု စုစုပေါင်း၅၀၀ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ၁၀ရက်နေ့သတင်းများ

မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဖွဲ့စည်းလှုပ်ရှားမှု ၂ နှစ်ပြည့်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA ၊ ULA/AA တို့မှ သဝဏ်လွှာပေးပို့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင် စခန်းမှ စစ်ဘေး‌ရှောင် ဦးကျော်ဟိန်း အမှုကို ဖေဖော်ဝါရီလ ၈ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ၉ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို မရောက်လာ၍ ဖေဖော်ဝါရီလ ၂၂ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါ်သက်သက်ခိုင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကံကြီးရှင်ဘုရားရှိ စစ်ဘေးရှောင်များနှင့်တွေ့ဆုံစဥ် စစ်ဘေးရှောင်ကလေးများ ကြီးလာလျှင် မြန်မာ(ဗမာ)တပ်မတော်ထဲဝင်၍ စစ်မှူးထမ်းနိုင်ကြောင်း၊ ကြိုးစားလျှင် ကြိုးစားသလောက်ရမည်ဟု ပြောဆိုခဲ့သည် ဟုသိရှိရသည်။

AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားသည့် ကိုမျိုးဦး၊ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ကိုဦးသန်းစိုး၊ ကိုမောင်ချေ(ခ) ကိုမောင်မျိုးနှင့် ကိုကျော်မောင်လင်း တို့ ၆ဦး ကို ဖေဖော်ဝါရီလ၁၀ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ၈ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း တရားလိုပျက်ကွက်၍ ဖေဖော်ဝါရီလ ၂၄ရက်နေ့သို့ ထပ်မံရုံးချိန်း ရွှေ့လိုက်ကြောင်း သိရသည်။

ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC) ၏ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ AAအောက်ခြေတပ်သားများ ချင်းလူမျိုးများကို လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိ မရှိကို စုံစမ်းစစ်ဆေးနေကာ ကျူးလွန်ကြောင်းထင်ရှားပါက စစ်ဖက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်နေ့သတင်းများ

ရခိုင်ပြည် မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့နယ်ရှိ စေတီပြင်စစ်ဘေးရှာင်စခန်း နှင့်ကျောက်တော်မြို့နယ်ရှိ သရက်အုပ်စစ်ဘေးစခန်းများတွင် သောက်သုံးရေးရရှိရေးအတွက် အခက်အခဲများ ဖြစ်နေကြရကြောင်း သိရှိရသည်။

ချင်းပြည် ထန်တလန်မြို့မှ ရဲစခန်းတစ်ခုကို CNA/CDF ချင်းကာကွယ်ရေးတပ်တို့ ပူးပေါင်း သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။ စခန်းသိမ်းပိုက်မှုတွင် ချင်းကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးသွားသော်လည်း ရဲစခန်းမှ ဒရုန်းပစ်လက်နက်များအပါအဝင် လက်နက် ၄၀ကျော် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု ဂန္ဓာရုံ(ခမီ)ရွာမှ အသက်၄၀နှစ်အရွယ်ရှိသူ ဦးသာစိန်ဖြူ သည် ဖေဖော်ဝါရီလ၄ရက်နေ့က ဆိုင်ကယ်ဖြင့် ငါးဖမ်းရန်ထွက်သွားစဥ် နေအိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေကာ ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လည်တွင် ဓားဒဏ်ရာများဖြင့် ရွာအနောက်ဖက်ရှိ တောစပ်နားတွင် သေဆုံးလျှက်တွေ့ရှိရကြောင်း ခမီ မီဒီယာက ဖော်ပြချက်အရသိရှိရသည်။

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့်မဟာမုနိ စစ်ဘေးရှောင်စခန်း များတွင် ဆန်အထောက်အပံ့မရရှိသည်မှာ ၂လရှိပြီဖြစ်ကာ အခက်အခဲများဖြစ်နေကြရကြောင်း သိရှိရသည်။

ရခိုင်ပြည်ရှိ မြို့များတွင် လျှပ်စစ်မီးများပုံမှန်မရရှိဘဲ မကြာခဏလျပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေသော်လည်း ဖေဖော်ဝါရီလ၉ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်သစ် ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်း သွားရောက်ခဲ့သည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦးစသည့်မြို့များတွင် လျှပ်စစ်မီးများ ပြတ်တောက်ခြင်းမရှိဘဲ မီးပုံမှန်ရရှိခဲ့သည်။

ရခိုင်ပြည် ပေါက်တောမြို့နယ် ကျောက်ဆိပ်ရွာတွင် ဖေဖော်ဝါရီလ ၉ရက်နေ့က အဖဦးကျော်ဇောလှနှင့်အမိဒေါ်ဝါဝါနိုင်တို့၏ သားမောင်ကျော်နိုင်လင်း အသက်၅နှစ် ကလေးငယ်တစ်ဦးဖြစ်ပြီး ရွာလမ်းမတွင်ကစားနေစဥ် သုံးဘီးဖြင့်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် အောက်တိုဘာလအစောပိုင်းက တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် သောက်ရေကန်များကို မြစ်ရေများလွှမ်းမိုးခဲ့ကာ ၎င်းရေများကို ရွာသားများသောက်သုံးနေကြရသဖြင့် အရေပြားရောဂါနှင့် ဝမ်းရောဂါများခံစားနေရသည့် ကလေးငယ်များ ဆေးကုသရန် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရှိရသည်။

ဖေဖော်ဝါရီလ ၈ရက်နေ့သတင်းများ

စစ်ကောင်စီအ‌နောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားရာနေရာများကို ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက်၃နာရီ ၃မိနစ် အချိန်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်များပူးပေါင်းကာ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စခန်းရှိ စစ်ကောင်စီတပ်သား ၄ဦး သေဆုံးကာ အများအပြား ဒဏ်ရာများ ရရှိသွားကြောင်း Show Ranger တပ်ဖွဲ့ကပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းရန်အတွက် အဓမ္မ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် တအာင်းလူမျိုး ၁၂၇ဦးကို တအာင်းတပ်မတော် TNLAမှ စစ်သည်အင်အား ၅၀၀ကျော် အသုံးပြုကာ ဖေဖော်ဝါရီလ၄ရက်နေ့က ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်ကာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ၆ရက်နေ့က ထုတ်ပြန်ထားသည်။

၅၀၅(က)နှင့်၁၇(၁) ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံများဖြစ်သည့် ဦးကိုကိုညွန့် ၊ ဦးကျော်ဝင်းလှိုင်နှင့် ဦးပြည့်စုံဝင်းတို့ ၃ဦးကို ဖေဖော်ဝါရီလ ၇ရက်နေ့ကမြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ၂၁ရက်နေ့သို့ ရုံးချိန်းထပ်မံ ‌ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီက၂၀၂၀ခုနှစ် မတ်လတွင် မီးရှို့ဖျက်ဆီးခဲ့စဥ်က တင်းမရွာတွင် အိမ်ခြေ ၁၀၀ကျော် မီးလောင်ကျွမ်းသွားခဲ့ပြီး ကျေးရွာများမှပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ယနေ့တိုင် နေရပ်မပြန်နိုင်ဘဲ ရှိနေကြရသလို ရွာသား ၂၁ယောက်မှာလည်း လက်ရှိအချိန်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြရသည်။ တင်းမရွာသားများ နေရပ်ပြန်နိုင်ရန်အတွက် စစ်ကောင်စီထံသို့ ၉ကြိမ်တိုင်အောင် စာတင်ပြ တောင်းဆိုခဲ့သော်လည်း ၁ကြိမ်မျှ ပြန်လည်အကြောင်းပြန်ခြင်း မရှိခဲ့ပေ။ နေရပ်မပြန်နိုင်ဘဲရှိနေချိန်တွင် ရွာထဲတွင် ကျန်နေခဲ့သည့် နေအိမ် ၅၀၀ ကျော်မှ အိမ်တိုင်များ၊ပျဥ်နှင့်သွပ်အမိုးများကိုလည်း မြန်မာစစ်တပ်က ခိုးယူမှုများ ဖြစ်နေသည်ဟု သိရှိရသည်။

ရခိုင်ပြည် မြေပုံမြို့နယ် ထူးချေရွာမှ ကိုမောင်ဆန်းညွန့် အသက်၃၅နှစ်နှင့် ကိုဇော်မင်းသိန်း အသက်၂၆နှစ် တို့ နှစ်ဦး မြေပုံမြစ်အတွင်းရှိ သံသမမီးပြကျောက်ဆောင်အနီးတွင် ငါးရှာနေစဥ် ဘုတ်တစ်စီး သူတို့အနီးသို့ရောက်ရှိလာခဲ့ပြီး ဗမာစကားပြောသူနှစ်ဦးမှာ သေနတ်ကိုယ်စီ ကိုင်ဆောင်လာခဲ့ကာ ကမ်းသို့လိုက်ပို့ပေးရန်ခိုင်းသဖြင့် လိုက်ပို့ပေးစဥ် သေနတ်ဖြင့် ကိုမောင်ဆန်းညွန့်အား ပစ်သတ်ခဲ့ကြောင်း လွတ်မြောက်လာသူ ကိုဇော်မင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း၊ စစ်တွေမြို့မှ ကိုဇော်မိုးထက် ၊ ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်တို့ ၃ဦးနှင့် ၁၇(၁) ဖြင့် တရားစွဲဆို ခံထားရသူများဖြစ်သည့် သရက်တပင်ကျေးရွာမှ ဦးမောင်စိုးသာ ၊ အပျော်တမ်းဓာတ်ပုံဆရာ ကိုစောမိုးကျော်နှင့် ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းတို့ကို ဖေဖော်ဝါရီလ ၈ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလို ပျက်ကွက်သဖြင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိဘဲ ဖေဖော်ဝါရီလ ၂၂ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ရက်နေ့သတင်းများ

ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)ဌာနချုပ်လွိုင်းတိုင်းလျန်တွင် ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ကျရောက်သည့် ၇၆ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ကိုကျင်းပခဲ့ကြောင်းသိရှိရပြီး ၎င်းအခမ်းအနားကို ရခိုင်မှ ALPခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်စောမြရာဇာလင်းတက်ရောက်နေသည်ကို တွေ့ရသည်။

မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် ဆန္ဒာရာမကျောင်တိုက် ရက္ခပူရ ပညာရေးဖောင်ဒေးရှင်းမြောက်ဦးကျောင်း (ခွဲ)တွင် စာသင်နေကြသော ကျောင်းသားကျောင်သူများနှင့် ဆရာဆရာမများမှာ ဖေဖော်ဝါရီလ ၅ရက်နေ့ကတည်းက တောင်ဖြူဆည်အနီးရှိ အမှိုက်ပုံကို လာရောက်မီးရှို့ထားခြင်းကြောင့် အမှိုက်ပုံမှ ပလတ်စတစ်အနံ့များအပါအဝင် အနံ့ဆိုးများကြောင့် ညနေ၇နာရီခန့်တွင် ကျောင်းသားကျောင်းသူများ အသက်ရှူကြပ်လာသဖြင့် ဆေးခန်းများသွားပြခဲ့ရပြီး ကျောင်းထဲတွင်လည်း Maskတပ်ကာနေထိုင်နေရကြောင်းသိရှိရသည်။ အမှိုက်ပုံမှာ လူနေရပ်ကွက်နှင့် နီးကပ်နေပြီး အမှိုက်ပုံမှ အနံ့ဆိုးများကို အမြဲရှူရှိုက်နေရသဖြင့် တာဝန်ရှိသူများ အမှိုက်ပုံကို အမြန်ဆုံးလာရောက် ဖယ်ရှင်းပေးစေလိုကြောင်းရပ်ကွက်သားများက တောင်းဆိုထားကြသည်။

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့၊ရွန်ကလာအိုဆီမစ်ရွာတွင် မြန်မာလုပ်သားတစ်ဦး၏ အသက် ၁နှစ်နှင့်၇လအရွယ် ကလေးငယ်တစ်ဦးသည် ဖေဖော်ဝါရီလ ၆ရက်နေ့က ညနေ ၄နာရီ ၅၀မိနစ်တွင် ၁၃၁ ပေနက်သည့် မြေအောက်ပိုက်တွင်းသို့ ပြုတ်ကျသွားသည်ကို ဘုန်းကြီးများက သတိထားမိပြီး ကယ်ဆယ်ရေးဝန်ထမ်းများကို အကူအညီတောင်းခံခဲ့ရာ ၁၈နာရီအကြာတွင် ကလေးငယ်အား ကယ်တင်နိုင်ခဲ့ကာ လက်ရှိအချိန်တွင် ဆေးရုံမှာ ဆေးကုသမှုများ ခံယူလျှက်ရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် သရက်အုပ် စစ်ဘေးရှောင်စခန်းတွင် ကဝိရတနာစစ်ဘေးရှောင်စခန်းနဲ့ သိမ်ပြင်စစ်ဘေးရှောင်စခန်းများမှ ပြောင်းလာသည့် စစ်ဘေးရှောင်အသစ် ၁၄၄၇ဦးတို့မှာ WFP သို့စာရင်းသွင်းထားသည်မှာ တစ်လကျော်မျှ ကြာနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ စားနပ်ရိက္ခာများ ထောက်ပံ့မှုအကူအညီမရရှိဘဲ စားနပ်ရိက္ခာများပြတ်လပ်နေသလို ရေကန်တွင် သောက်သုံးရေများခန်းခြောက်နေပြီဖြစ်သည့်အတွက်ကြောင့် သုံးရေအတွက် ချောင်းမှ ရေငန်ကို ပိုက်ဖြင့်ဆက်သွယ်ကာ စစ်ဘေးရှောင်များ အသုံးပြု ချက်ပြုတ်နေကြရသဖြင့် ကလေးငယ်များတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြန်ဘန်ကောက်မြို့ ဘန်ဖလီခရိုင်တွင် ရွှေ့ပြောင်းမြန်မာ‌ အလုပ်သမားတစ်ဦးဖြစ်သူ အသက် ၅၆နှစ်အရွယ် ဦးစောအောင်ထွန်းသိန်းမှာ အလုပ်လက်မဲ့ဖြစ်ကာ မြန်မာနိုင်ငံသို့ပြန်လာချင်သော်လည်း သားသမီးများအားလုံးမှာ ထိုင်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့်အတွက် နေရပ်မပြန်နိုင်ဘဲ စိတ်ဓာတ်ကျကာ ၎င်းနေထိုင်ရာ ဒုတိယထပ်တိုက်ခန်း အပြင်ဖက် လသာဆောင်တွင် ဆွဲကြိုးချ၍ သေဆုံးနေသည်ကို သမီးဖြစ်သူက တွေ့ရှိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်စစ်တွေမြို့တွင် ဖေဖော်ဝါရီလ၇ရက်နေ့ည ၇နာရီကျော်အချိန်တွင် စစ်တွေလေယာဥ်ကွင်းဝင်ဝ လမ်းဆုံအနီး မိတ္တူဆိုင်တွင် မိတ္တူကူးရန် ကျောင်းသား ၂ဦးလာစဥ် စစ်ကောင်စီတပ်သားတစ်ဦးလက်ထဲက သေနတ်မှ ကျည်ထိ၍ ကျောင်းသားတစ်ဦး၏ပေါင်ကို ကျည်ထိမှန်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ရက်နေ့သတင်းများ

ရခိုင်ပြည် မြောက်ဦးမြို့၏ ရှေ့ဟောင်းနေရာတစ်ခုဖြစ်သည့် နန်းရာကုန်းတွင် ဖေဖော်ဝါရီ လ၆ရက်နေ့က ကျောက်ခင်းလမ်းခင်းနေသည်ကို မြောက်ဦးမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စာလှယ်ဟောင်းလည်းဖြစ် ULA/AA၏မြောက်ဦးမြို့နယ် နိုင်ငံရေးမှူးလည်းဖြစ်သည့် ဦးဦးလှစောက “နန်ရာကုန်းကို ဖျက်ဆီးနေကြတာပဲ ၊အရမ်းဆိုးတဲ့လုပ်ရပ်ပဲ၊၊နန္ဒပကျန်တွေလိုပါလား၊ဒီဌာနကလူတွေ လွန်လာပြီနော်” ဟု သူ၏ကိုယ်ပိုင် Facebook အကောက်တွင် ပြောဆိုဝေဖန်ထားသလို မြောက်ဦးမြိုသူမြို့သားများကလည်း လမ်းလုပ်နေသည်မှာ ရှေ့ဟောင်းအမွေအနှစ်များကို ဖျက်ဆီးနေခြင်ဖြစ်သည်ဟု ဝေဖန်ပြောဆိုကာ လမ်းလုပ်နေမှုများကို ကန့်ကွက်ကြ၍ ကျောက်လမ်းခင်းနေမှုအား ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည် ကျောက်ဖြူမြို့ရှိ ရခိုင်ပိုက်ဆိပ်၊ ဘုန်းကြီးကျောင်းလမ်းများတွင် အံစာလောင်ကစားဝိုင်းများမှာ စစ်ကောင်စီကို နေ့စဥ်ငွေ ၂၀၀၀၀ကျပ်စီးပေးကာ တရားမဝင် လောင်းကစားအံစာဝိုင်၂၀နီးပါးခန့် လမ်းမပေါ်တွင် နံနက် ၈နာရီမှ ညည့် ၁၀နာရီအထိ ၃လနီးပါးခန့် လုပ်ဆောင်နေခြင်းကြောင့် ရပ်ကွက်တွင်ခိုဆိုးလုယက်မှုများ ဖြစ်ပေါ်လာမှာကို ရပ်ကွက်နေပြည်သူများ စိုးရိမ်ကာ စိတ်အနှောက့်အယှက်များဖြစ်နေကြရသည်ဟု သိရသည်။

ရခိုင်ပြည် စစ်တွေမြို့ရှိ DMGသတင်းဌာနတွင် လုပ်ကိုင်နေသည့် သတင်းထောက် ကိုနိုင်လင်းအောင် အသက်၂၅နှစ်သည် ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် အသက်သေဆုံးရသည့်အပေါ် မိသားစုများ၊DMG ဝိုင်းတော်သားများနှင့်ထပ်တူ ABN သတင်းဌာနမှ ကိုယ်ချင်းစာ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်။

မြောက်ဦးမြို့တွင် တပ်ဆင်ပြီးစီးနေပြီးဖြစ်သည့် လမ်းမီးပွိုင့်များမှာ မြို့ပေါ်တွင် မီးပုံမှန်မရသည့်အတွက် အသုံးပြုလျှင်လည်း ပြည်သူကို အကျိုးမပြုနိုင်ဟုမြောက်ဦးမြို့ခံများက ပြောဆိုနေကြသော်လည်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်စတင်အသုံးပြုမည်ဟု ပြောဆိုသည်။

ရခိုင်ပြည် အမ်းမြို့နယ်ဒါးလက်ချောင်းတွင် ဖေဖော်ဝါရီလ၆ရက်နေ့ နေ့လည် ၁၁နာရီခန့်က ဒါးလက်ချောင်းအနောက်ရွာတွင် နေထိုင်သည့် မောင်ဦးဆန်းကြည် အသက်၂၂နှစ်မှာ ၎င်းပိုင် သီဟိုခြံသို့သွားရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိကာ ဒါးလက်ချောင်းတိုက်နယ်ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်းသိရှိရသည်။

တစ်ပတ်အတွင်း သတင်းများ စုစည်းမှု

ထင်မြင်ယူဆချက်‌‌ပေးရန်