Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများအနှစ်ချုပ် စုစည်းမှု

“စစ်ကောင်စီတပ်က စစ်အင်အားနှင့် ရိက္ခာများ နေ့တိုင်းဖြည့်နေသည်။ ဘူးသီးတောင်နှင့် ကျောက်ဖြူမြို့တို့တွင် အရပ်သားများအာ ဖမ်းဆီးရန် စစ်ကောင်စီညွှန်ကြားထားသည်။ တပတ်အတွင်း ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ ၂ ဦးသေဆုံးခဲ့ရပြီး ပုဏ္ဏားကျွန်းမှ ၁၀ တန်းနှစ်ဟောင်းကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့သည်။)

@ ဒီဇင်ဘာလ ၅ ရက်နေ့အတွက် သတင်းစုစည်းမှု

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီက စစ်တွေ ရွှေမင်းဂံရေတပ်မှ ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်အင်အားအပြည့်အဝပါသည့် စစ်ကောင်စီသုံး နေဗီ ၄ စီးမှာ မင်းပြားမြို့ဘက်သို့ ဦးတည်တက်သွားပြီး စစ်ကောင်စီတပ်သား အင်အား ၈၀ နှင့် ၁၀၀ အကြားတွင်ရှိပြီး ၎င်းတို့သယ်ဆောင်သွားခဲ့သည်မှာ ဆန်၊ ဆီ၊ ဆားနှင့် ရိက္ခာဟုထင်ရသည့် အိတ်နှင့် အထုတ်အပိုးများတွင် လက်နက်ခဲယမ်းများ အပြည့်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်တွေ ရွှေမင်းဂံမှ နေဗီ ၄ စီးဖြင့် သယ်ဆောင်သွားခဲ့သည့် လက်နက်ခဲယမ်းများကို မောင်တောဘက်သို့ စစ်ကောင်စီနေဗီ တစ်စီဖြင့် ခွဲ၍သယ်ဆောင်သွားခဲ့သည်။

မောင်တောတွင် ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်အား ဖမ်းဆီးရန် မောင်တောခရိုင် ဒုရဲမှူးကိုကိုလေးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ညွန်ကြားခဲ့သည်။ ဖမ်းဆီးဝရန်းတွင်ပါရှိသည့် သူများ၏နာမည်နှင့် နေရပ်ကိုမေးမြန်းစုံစမ်းခဲ့သော်လည်း လုံခြုံရေးအခက်အခဲကြောင့်ဟုဆိုကာ မေးမြန်း၍မရခဲ့ပေ။

တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာမှ နွားကုန်သည် ၄ ဦးပိုင်ဆိုင်သည့် နွား ၂၅ ကောင်နှင့် တခြားရွာသားများ၏ နွားများကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ ရွာတွင် စုစည်းခိုင်းခဲ့ပြီး ရွာသားများ၏ နွားများကို ပြန်လည်ပေးအပ်ခဲ့သော်လည်း ထိုနွားကုန်သည် ၄ ဦးပိုင်ဆိုင်သည့် နွား ၂၅ ကောင်ကိုမူ ယူဆောင်သွားကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ ယူဆောင်သွားသည့် နွားကုန်သည် ၄ ဦးမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရန် စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် နွားကုန်သည်တစ်ဦးဖြစ်သည့် ဦးဝင်းမြင့်၏ သားမက်ဖြစ်သူ ကို ဇော်သန်းထွန်း ကို ဖမ်းဆီးသွားခဲ့ပြီး ၎င်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကာ ပုန်းရှောင်နေခဲ့ရသည်။

@ ဒီဇင်ဘာလ ၆ ရက်နေ့အတွက် သတင်းစုစည်းမှု

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့နိုင်ရေးအတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်အခတ်ရပ်ဆိုင်းထားခဲ့ကြသော်လည်း စစ်ကောင်စီတပ်မှ ရခိုင်ပြည်အတွင်းသို့ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းနှင့် မြေဆီများတင်သွင်းခွင့်ကို ဆက်လက်ပိတ်ထာဆဲဖြစ်သည်။ ၂၀၂၂ အစောပိုင်းခန့်မှစကာ ဆေးဝါးနှင့် ကုန်ပစ္စည်းသယ်ယူခွင့်များကို စစ်ကောင်စီတပ်မှ ပိတ်ပင်ထားခဲ့သည့်အတွက်ကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်ရှိ မြို့နယ်အားလုံးတွင် ဆေးဝါးနှင့် ကုန်ပစ္စည်းများမှာ ယခင်ထက် ဈေး နှစ်ဆ မြင့်တက်နေသည့်အတွက် ရခိုင်ပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

ရခိုင်ပြည်တွင်း ဆောင်းသီးနှံများစိုက်ပျိုးသည့် တောင်သူများမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် မြေဆီ မြေဩဇာဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ဆောင်းသီးနှံစိုက်ပျိုးနှုန်းမှာ မနှစ်ကထက်လျော့နည်းကြောင်းသိရှိရသည်။ မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်ကမ်းဘေးတစ်လျှောက် ရှိကျေးရွာများနှင့် ကျောက်တော်မြို့နယ်ရှိ အချို့ကျေးရွာများတွင်လည်း ဆောင်းသီးနှံများအဖြစ် မြေပဲ ငရုပ် ခရမ်းနှင့် တခြားသီးနှံများနှစ်စဉ် စီးပွားဖြစ်စိုက်ပျိုးခဲ့ကြသော်လည်း ယခုနှစ်တွင်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားဖြစ်မစိုက်ပျိုးကြကြောင်းသိရသည်။

ကျောက်ဖြူမြို့တွင် ဒီဇင်ဘာလ ၆ရက် နံနက်တွင် ၅၄၉ တပ်ရင်းနှင့် ၅၄၂တပ်ရင်းတို့ပူးပေါင်းပြီး ဌာနပေါင်းစုံပါ၀င်သည့် အစည်းအ‌ဝေး တစ်ခု ပြုလုပ်ခဲ့ပြီး ထိုအစည်း‌ဝေးတွင် ကျောက်ဖြူမြို့မှ ရက္ခိုင့်တပ်တော်AA နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သား၂၀၀ကျော်ကိုဖမ်းဆီးရန် ဗျူဟာမှူးအား စစ်ကောင်စီတပ်မှညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလ ၅ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသရန်သွားသော သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီတပ်မှဖမ်းဆီးလိုက်ပြီး အဆိုပါ ဆရာတော်အားပြန်လွှတ်ပေးရန် ကချင်ခရစ်ယာန်အဖွဲ့ချုပ်က ဒီဇင်ဘာလ ၆ ရက်နေ့က တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့ အစောပိုင်း နံနက် ၆ နာရီတွင် ကလေးများအပါအ၀င် တရားမ၀င်ရွေ့ပြောင်း မြန်မာအလုပ်သမား ၂၄ ယောက်စီးနင်းလိုက်ပါလာသောကားသည် ဘတ်ဟိုင်ခရိုင် ထဒင်ဒေါင်မြို့ မူအိုက်ရွာအနီး ဘတ်ဟိုင်စီနလမ်းကွေ့တွင် ကားတိုက်မှုဖြစ်ပြီး မြန်မာ ၁၀ဦးနှင့် ထိုင်းနှစ်ဦး ထိခိုင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဘတ်ဟိုင်ဆေးရုံတွင် ဆေးကုသခံယူရန်ပို့ ဆောင်ခဲ့သည်။ ကျန်သည့် မြန်မာ့လုပ်သား ၁၄ဦးအား ဘတ်ဟိုင်ခရိုင် ရဲစခန်းတွင်ထိမ်းသိမ်းထားကြောင်းသိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလ (၃၀)ရက်နေ့က ရာဇသတ်ကြီးပုဒ်မ (၃၀၂) (က) ဖြင့်တရားစွဲဆို၍ အင်းစိန်ထောင်ရှိ စစ်ခုံရုံးတွင် သေဒဏ်ချမှတ်ခံခဲ့သော ဒဂုံကျောင်းသား ၇ ဦးဖြစ်သည့် မောင်သူရမောင်၊ ခန့်ဇင်၀င်း၊ ဇော်လင်းနိုင်၊ သီဟထက်ဇော်၊ ဟိန်းထက်၊ သက်ပိုင်ဦး နှင့် ခန့်လင်းမောင်မာင်တို့အား သေဒဏ်ချမှတ်ခံရသည့်အပေါ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် နီပေါတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

@ ဒီဇင်ဘာလ ၇ရက် အတွက် သတင်းစုစည်းမှု

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားများသည် ရိက္ခာများ စစ်အင်အားများ လက်နက်ခဲယမ်းများကို မင်းပြားနှင့် တောင်ကုတ်ဖက်သို့ စစ်နေဗီ ၂ စီးဖြင့်အင်အားတိုးချဲ့ဖြည့်တင်း နေကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှ ကုန်းတဲရွာနှင့် ထီးချိုင့်မြို့နယ်မှ အောင်သာကုန်း ရွာများကို မီးရှို့မှုများပြုလုပ်ခဲ့ပြီး ရွာသူရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ရခိုင်ပြည် ကျောက်တော်အခြေစိုက်တပ်မ စကခ(၉) နှင့် စစ်ကောင်စီတပ်မ ၅၃၉ တို့မှ ဖမ်းဆီးထားသော ကျောက်မြို့နယ် ၀ပြန်ကျေးရွာမှ မောင်သန်းဌေး နှင့် မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှ ဦးသန်းစိုး၊ ရွေနတ်ပြင်ကျေးရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ မောင်မျိုးကို နှင့် မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ‌ ကျော်မောင်လင်းတို့မှာ ပြီးခဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့မ ရဲစခန်းသို့ ပြောင်းရွေ့ခြင်းခံရပြီး ၎င်း ၆ ဦးထဲမှ တစ်ဦးမှာကျောကုန်းတွင် ဒဏ်ရာပြင်းထန်စွာရရှိထားသောကြောင့် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့က KNU ထုတ်ပြန်ချက်အရ နို၀င်ဘာလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူလေးအုပ်ချုပ်နယ်မြေ၌ ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ (BGF) နှစ်ဖက်တိုက်ပွဲများအတွင်း တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၃၃၃ ယောက်သေဆုံးပြီး ၁၅၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

မောင်တော ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းနှစ်ဟောင်းကျောင်းသူ မအေးမြတ်စန္ဒာ ၂၅ နှစ်နှင့် ဆိုင်ကယ် ကယ်ရီသမား မောင်မောင်ကျော် ၂၈ နှစ်တို့မှာ တစ်လကျော်ကြာထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု ဒီဇင်ဘာလတွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) (၂)ဖြင့် တရားစွဲဆိုလိုက်သည့်အတွက်ကြောင့် မိသားစုဝင်များမှာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တရားရုံးသို့သွားရောက်ခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးအား ရုံးထုတ်စစ်ဆေးခြင်းမရှိခဲ့ပေ။

@ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် သတင်းများစုစည်းမှု

မင်းပြားမြို့နယ် တိုင်းဗဟို (၉)မှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှ စတင်ပြီး နေ့လယ် ၁၁ နာရီကျော်အထိ ၃ နာရီ နီးပါးကြာ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် မင်းပြားမြို့‌ဒေသခံများနှင့် အနီးအနားရွာများရှိ ‌ဒေသခံပြည်သူများမှာ ထိတ်လန့်ခဲ့ကြရသည်။

တအာင်းတပ်မတော် TNLA တပ်စခန်းများ တည်ရှိရာ နမ့်ဆန်မြို့နယ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ ကစတင်ပြီး စစ်ကောင်စီတပ်မှ မြေပြင်နှင့် ဝေဟင်တို့မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်ကလည်း TNLA တပ်စခန်းများ တည်ရှိရာဖက်သို့ ဂျက်တိုက်လေယာဉ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် နမ့်ဆန်မြို့နယ် မန်လုံ၊ ဟူးမန်းနှင် ပန်အလောတ်ရွာများဘက်သို့ စစ်ရဟတ်ယာဉ် ၆ စီးဖြင့်သွားရောက်ခဲ့သည့်အပြင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်လည်း ကုန်းသာရွာဖက်သို့ လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်။

ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဆိုင်းလိုက်ပြီးနောက် စစ်ကောင်စီတပ်မှ ရခိုင်ပြည်ရှိ မြို့နယ်တိုင်းနီပါးတွင် လူအင်အား၊ လက်နက်အင်အားများကို ဖြည့်တင်းလာလျက်ရှိနေသည်။

@ ဒီဇင်ဘာလ ၉ ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဆိုင်းလိုက်ပြီးနောက် ကျောက်တော် – ပလက်ဝ ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်လည်ဖွင့်ပေးလိုက်ပြီဟု စစ်ကောင်စီတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသော်လည်း ပြည်သူပိုင် ရေယာဉ်များ သွားလာပြေးဆွဲခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ပိုင် ရေယာဉ်များသာ သွားလာခွင့်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ ဖွဲ့တို့အကြား အလွတ်သဘော ဆွေးနွေးမှုပြုလုပ်ရန် စစ်ကောင်စီတပ်၏ ဒုဗိုလ်ချုပ်ကြီးထံပေးပို့သည့် လျှို့ဝှက်စာ ပေါက်ကြားခဲ့သည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အချိန်မှစကာ အရပ်သားပြည်သူ စုစုပေါင်း ၂၃၇၀၀ ခန့်မှာနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု UN-OCHA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ယာယီ အပစ်ခတ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်မှ ရိက္ခာများဖြည့်ခြင်း ကုန်းလမ်း နှင့် ရေလမ်း တချို့ကိုဆက်လက်ပိတ်ထားခြင်းကြောင့် ယခုနှစ်တွင် မြောက်ဦး နှင့် လေးမြို့မြစ်များသို့ လာရောက်လည်ပတ်သည့် ခရီးသည်များ မရှိသလောက်နည်းပါးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မင်းပြားမြို့နယ် သံကြိုးရွာအနီး လမ်းခွဆုံ၌ စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ကြံတိုင်းအောင် ခရီးသည်တင်ကားနှင့် မြေပုံမြို့နယ် ကန့်ကော်ချောင်း ကျေးရွာမှ မောင်နေလင်းဦးစီးလာသည့် ဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်စီးလာသူမှာ နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။ ကြံတိုင်းအောင် ကား‌မောင်းသူအား ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ထိမ်းသိမ်းထားကြောင်း သိရသည်။

@ ဒီဇင်ဘာလ ၁၀ ရက် အတွက် သတင်းစုစည်းမှု

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ယခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ပိတ်ထားခဲ့သည့် မင်းပြား-မြေပုံ သွားလာသည့် ကြပ်စင်တံတားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

ကျောက်တော်မြို့နယ် မဟာမုနိရွာမှ အသက် ၅၆ နှစ်ရှိ ဦးထွန်းကျော်စိန်မှာ ကျောက်တော်မဟာမုနိဘုရားကြီးမှ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မဟာမုနိလမ်းကွေ့ ထမင်းဆိုင်အနီးတွင် ကျောက်တင်ကားတစ်စီးနှင့် ဒီဇင်ဘာလ ၉ ရက် ညနေ ၇ နာရီကျော်တွင် တိုက်မိပြီးပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထိုအမှုနှင့်ပတ်သတ်၍ မဟာမုနိဘုရားအနီးရှိ စစ်ကောင်စီတပ်မှ ကျောက်တင်ကားမောင်းသူအား ခေါ်ယူစစ်ဆေးခဲ့ပြီး မဟာမုနိရွာမှ ရွာတာဝန်ရှိသူများကို ခေါ်ကာ ၎င်းအားပြန်လည်လွှတ်ပေးခဲ့ပြီး သေဆုံးသွားခဲ့သည့် ဦးထွန်းကျော်စိန်၏ အလောင်းအားလည် မိသားစုထံအပ်နှံခဲ့ကြောင်းသိရသည်။ ၎င်း၏အလောင်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် သင်္ဂြိုလ်ခဲ့သည်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ (မိုင်း)ရွာကို ပြီးခဲ့သည့်နိုဝင်ဘာလက စစ်ကောင်စီတပ်မှ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခဲ့သည့်အတွက် ရွာသူ/ရွာသား ၄၀၀ ခန့်မှာ ထိုင်းနိုင်ငံနယ်စပ် ပကျွပ်ခရိုင် ဘန်စဲဖန်မြို့နယ် ခေါင်လွဲရွာတွင် ဒီဇင်ဘာလ ၄ ရက်နေ့က စစ်ဘေးရှောင်များအဖြစ် ခိုလှုံရောက်ရှိနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးထောက်ပံ့မှုများကို လိုအပ်လျက်ရှိနေသည်။

ပုဏ္ဏားကျွန်မြို့၊ စံပြရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် ဆယ်တန်းနှစ်ဟောင်းကျောင်းသားတစ်ဦးဖြစ်သည့် အဖ ဦးသန်းရွှေ၏သား မောင်ရဲနိုင်ဝင်းမှာ ဒီဇင်ဘာလ ၁၀ရက် နံနက် ၅ နာရီတွင် နေအိမ်၌ ကြိုးဆွဲချအဆုံးစီရင်ခဲ့ပြီး ၎င်းမသေခင်က ရေးသားခဲ့သည့် ဖေဖေနှင့် မေမေကိုအချစ်ဆုံးဟုရေးထားသည့် စာတစ်စောင်အားတွေ့ခဲ့ရသည်။ သေဆုံသွားသူအား ပုဏ္ဏားကျွန်းမြို့မဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

@ ဒီဇင်ဘာလ ၁၁ ရက်နေ့အတွက် သတင်းများစုစည်းမှု

တအာင်းပြည်နယ်၊ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာနှင့် ကုန်းသာကျေးရွာအနီးတွင် ဒီဇင်ဘာဘာလ ၇ ရက်နေ့မှစကာ စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် ၅ စီးအထိအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက်ကြောင့် ရွာသူ/သား ၁၄၀၀ ကျော်တို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရပြီး မထွက်ပြေးဘဲ ရွာတွင်ကျန်ရစ်နေခဲ့ကြသည့် သက်ကြီးရွယ်အိုများမှာ ကျေးရွာများအတွင်း ပိတ်မိကျန်နေခဲ့ကြကြောင်း TNLA သတင်းပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။

တစ်ပတ်အတွင်း သတင်းများအနှစ်ချုပ် စုစည်းမှု

ထင်မြင်ယူဆချက်‌‌ပေးရန်