Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

@ နိုဝင်ဘာလ ၂၂ရက်

မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စု လူဦးရေ ၇၀၀ကျော်တို့အတွက် စားနပ်ရိက္ခာများနှင့် အနွေးထည်၊ခြင်ထောင်၊ဆေးဝါးများအရေးတစ်ကြီးလိုအပ်လျက်ရှိနေပါသည်။

မင်းပြားမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၁ နံနက် ၆နာရီတွင် အောင်မြေကုန်းဆရာတော် ဦးဝရမဉ္ဇူအား စစ်ဆေးမှုအတွင်း လူဝတ်လဲ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကာ ဆရာတော်မှာ ပြန်လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၅၀ ပေးခဲ့ရကြာင်းသိရသည်၊၊ အခြားစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင် နှင့် ငွေပိုင်ထွန်းဟိုတယ်ပိုင်ရှင် ဦးမောင်ထွန်းသိန်း တို့နှင့်အတူ ဆရာတော်ကိုပါ မင်းပြားမြို့အခြေစိုက် ခမရ ၃၇၉မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

၎င်းနည်းတူ ပြီးခဲ့သည့်နိုဝင်ဘာ ၁၂ရက်နေ့က စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်မှု‌ကြောင့် ကျောင်းတောင်ရွာမှ အသက်၁၁နှစ်အရွယ် မောင်ကိုခိုင်ဝင်း ၏ ခန္ဓာဘေးစပ်တွင် ဒဏ်ရာရရှိခဲ့ပြီး ကျည်စကျန်နေသဖြင့် ခွဲစိတ်မှု ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

@ နိုဝင်ဘာ၂၃

နိုဝင်ဘာ ၁၉ရက်နေ့ ညနေ ၄နာရီခန့်က မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဝက်ကျိန်းရွာသစ်(မြို့)ရွာကို အောင်စစ်ပြင် နခက ၇ ရဲတပ်ရင်းမှလက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၇ဆောင် မီးလောင်းပြာကျသွားကြောင်းသိခဲ့ရသည်။

ကျောက်ဖြူမြို့တွင်လည်း ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ရက်နေ့က တပ်ကြပ်အဆင့်ရှိ ဦးမောင်မောင်အေး အသက် ၅၀နှစ် (လေ‌ကြောင်းရဲ)၊ ဦးထက်ဝေလင်း အသက် ၃၀နှစ် (ရေကြောင်းရဲ)၊ ဦးမျိုးဝင်းအောင်အသက် ၃၉နှစ်တို့ကို ရက္ခိုင့်တပ်တော် ULA/AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ခမရ ၃၄ တပ်ရင်းမှူးမှ တရားလိုလုပ်၍ တရားစွဲဆိုခဲ့ကြောင်းသိရသည်။

မြောက်ဦးမြို့နယ် ကျွဲတဲရွာမှကျောင်းသူ မစိုးအေးမွန် အသက် ၁၃နှစ်၊ မအေးစုမွန် အသက် ၁၃နှစ်၊ မအိမြတ်ငြိမ်း အသက် ၁၅နှစ်၊ မဝိုင်းချစ်ပု အသက် ၁၄နှစ်၊ မူချာရွာမှ မဝင်းနွယ်စိုး အသက် ၁၄နှစ်၊ မခိုင်ခိုင်ဦး အသက် ၁၅နှစ်၊ မနှင်းဦးလှိုင် အသက် ၁၃နှစ်၊ တင်းပျင်းကြီးရွာမှ မြင့်မြင့်ခိုင် အသက် ၁၄နှစ်၊ လက်ပံတောပန်ရွာမှ မမြအေးနွယ်အသက် ၁၅နှစ်၊ ခမောင်းတောရွာမှ မစိုးသဇင်အသက် ၁၅နှစ် တစ်ခြားအမည်မသိကျောင်းသူနှစ်ဦးတို့မှာလည်း မူးလဲပြီး မြောင်းဘွယ်ဆေးရုံးတွင် ဆေးကုသမှုခံယူခဲ့ကြရသည်။ မည်သည့်ရောဂါကြောင့် ဖြစ်သည်ကိုမူ ဆရာဝန်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ပလက်ဝမြို့တွင် ရာအိမ်မှူး ဦးမောင်ဝင်း အသက် ၆၀ နှစ်(ရခိုင်)နှင့် ဦးမောင်မဲကျော့ အသက် ၅၇နှစ် တို့အား ပြီးခဲ့သည့်နိုဝင်ဘာ၂၁ရက်နေ့က စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

@ နိုဝင်ဘာ၂၄

စစ်ကောင်စီက စစ်တွေ-ရန်ကုန်ကားလမ်းတွင်ရှိသော ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းပိုင်းနှင့် စစ်တွေမြို့ အဝင်အထွက်ဂိတ်ကို နိုဝင်ဘာ၁၀ရက်နေ့ကတည်းစ၍ ပိတ်ဆို့ထားသည်မှာ ၂ ပတ်ကျော်ကြာလာသည့်အတွက် ပြည်သူများ ကူးသန်းရောင်းဝယ်ရေးနှင့် ဆေးဝါးကုသရန် စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ကန့်သတ်ပိတ်ပင်ထားသောကြောင့် မြို့ပေါ်တွင်သာမက ကျွေးရွာများတွင်လည်း စားသုံးဆီနှင့် တစ်ခြားကုန်ပစ္စည်းများ၊ဆေးဝါးရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေကြရသည်။

ရခိုင်ပြည်နယ်တွင်စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ဘူးသီးတောင်၊မောင်တော၊မင်းပြား၊မြောက်ဦး၊မြေပုံနှင့်ရသေ့တောင်မြို့နယ်များအပါအဝင် နောက်ထပ် ပေါက်တောနှင့်ကျောက်တော် မြို့နယ်များကိုပါ UNအပါအဝင် INGO, NGO အဖွဲ့ဝင်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံခြင်းအား ပိတ်ပင်ထား‌ခဲ့ကြောင်းသိရသည်။

@ နိုဝင်ဘာ၂၅

ရခိုင်ပြည်နယ် မြေပုံမြို့တွင် စစ်ကောင်စီတပ်မှ မြို့အဝင်တွင်ရှိသည့် ပြည်သူပိုင် ဓာတ်ဆီဆိုင် စုစုပေါင်း ၁၂ ဆိုင်ကို စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့် စီမံဝန်ကြီးတို့က ဆိုင်အားလုံးကို ဖျက်သိမ်းခိုင်းကြောင်းသိရသည်။

နိုဝင်ဘာ၂၅ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အကြိုအားကစားပြိုင်ပွဲကို ကျင်ပခဲ့သည်။ ရခိုင်ပြည်တွင် မသန်စွမ်းသူဦးရေ ၅၅၀၃၀၀ ဦးကျော်ရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်ခေါင်စာရင်း အရသိရသည်။ လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့တပ်မတော် (စစ်ကောင်စီတပ်) တို့အကြားတိုက်ပွဲအပြန်အလှန်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်မှအရပ်သားပြည်သူများ နေထိုင်ရာရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတို့ကြောင့် မသန်စွမ်းသူများ ပိုတိုးလာလျက်ရှိသည်။

မင်းပြားမြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် မြေပုံမြို့နယ် ဝက်ခေါင်းရွာမှ ကိုအောင်ဝင်းစိုး ၂၆ နှစ် နှင့် မင်းပြားမြို့နယ် ခမောင်းတောရွာမှ ကိုအောင်ဝေသိန်း ၃၅ နှစ်တို့မှာ ပြီးခဲ့သည့်နိုဝင်ဘာ ၂၃ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြသော်လည်း ဖမ်းဆီးထားစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရ၍ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းဂိတ်တွင် နိုဝင်ဘာလ ၁ရက်နေ့က ကြိမ်ချောင်းဂိတ်၌ စစ်ဆေးရေးလုပ်နေသော တက်မ (၇၇)မှ ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာ ၂၃ နှစ်နှင့် ဆိုင်ကယ် ကယ်ရီသမား မောင်မောင်ကျော်တို့ကို ဖမ်းဆီးခဲ့သည်မှာ ၂၇ ကြာသည့်တိုင်မိသားစုနှင့် အဆက်အသွယ်မရသေး၊ မိသားစုများ စိုးရိမ်နေကြသည်။

@ နိုဝင်ဘာ၂၆

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြောက်ဦးမြို့ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်ဝင်ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူများနှင့် ဆိုင်ကယ်လိုင်စင်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိခဲ့သည်။

ရခိုင်ပြည်၊ မောင်တောမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ထွေအုပ်ရုံးစာရေး ကိုစိုးသီဟအောင် ၃၅နှစ်အား မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကိုကိုလေးဦးဆောင်သော တပ်ဖွဲ့ဝင်အင်အား ၂၀ခန့်မှ ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား အပစ်အခတ်ရပ်တန့်ရေးကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ အလွတ်သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၏ သဘောတူညီချက်တွင် အချိန်အတိုင်းအတာ ရက်အကန့်အသတ်မရှိကြောင်းလည်း ပြောသည်။

@ နိုဝင်ဘာ၂၇

ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ကြား အပစ်အခတ်ရပ်တန့်ရေးကို နှစ်ဖက်အလွတ်သဘောတူညီခဲ့ကြသော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလ ၁၀ရက်နေ့မှစ၍ နှစ်ဘက်တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းကိုပိတ်ဆို့ထားသည်မှာ ရက်ပေါင်း၂၇ရက်ကြာခဲ့ပြီဖြစ်သည်။

စစ်ကောင်စီမှ အောက်တိုဘာလ ၁၉ရက်‌နေ့မှစပြီး ပိတ်ထားသည့် ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းသည် ရမ်းဗြဲ- ကျောက်နီမော်၊ တောင်ကုတ်- မာန်အောင်၊ စစ်တွေ – ကျောက်ဖြူ၊ မင်းပြား-မြေပုံ၊ စစ်တွေ-ပေါက်တော-ရသေ့တောင် – ဘူးသီးတောင် စသည့်မြို့နယ်များကိုပုံမှန် မနက်ဖြန် နိုဝင်ဘာ ၂၈ ရက်နေ့မှ စပြီး ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ရက် နေ့လည် ၁ နာရီခန့်က စစ်ကောင်စီတပ်ရင်း၁၅ မှ မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာတာဝန်ခံ စုစုပေါင်း ၇ ဦးကိုခေါ်ကာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ဆီးအိုးကျအုပ်ချုပ်ရေးမှူး ဦးနိုရ်ဟူဆိန့်နှင့် ဦးလှဖေအုပ်ချုပ်ရေးမှူး ဦးဟာမတ်ဒူလ္လာ တို့နှစ်ဦးအား စစ်ကောင်စီတပ်မှ ခေါ်ထားလိုက်ကြောင်း ‌ဒေသခံများ၏ အဆိုအရ သိခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ