Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ကျွန်းလုံးရေနစ်မြုပ်သွားခဲ့သော မြေပုံမြို့နယ် င/မန်းရဲကျွန်းတွင် ကူညီကယ်ဆယ်ရေး မရသေး

ABN-ရှိုင်းမိုး

ဇွန် ၅ရက်

ရခိုင်ပြည် မြေပုံမြို့နယ် င/မန်းရဲကျွန်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ကျွန်းလုံးရေနစ်မြုပ်သွားခဲ့သည့်ရွာများတွင် ကူညီကယ်ဆယ်ရေးရရှိခြင်းမရှိသေးဟုသိရသည်။

ရခိုင်မှ မြို့အများစုကို မေလ ၁၄ရက်နေ့က တိုက်ခတ်သွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး မရရှိသေးသောနေရာများရှိနေသေးသည်။

မြေပုံမြို့နယ် င/မန်းရဲကျွန်းမှ သင်္ဂနက်ရွာ၊ ညောင်တော၊ ဝက်ကောက်ကြီး၊ မျောက်ကြိမ်၊ ပြင်ချောင်း၊ တွင်းင/ခူချောင်းစသည့်ရွာများကို အစိုးရမှ လူတစ်ယောက်လျှင် ဆန် ၄ ဘူးကျစီသာ ရသေးကြောင်း သင်္ဂနက်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးသာက ပြောသည်။

“ကျွန်တော်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပါတယ်၊ ပျက်စီးသွားတာက ၆၀ ကျော်ရှိပါတယ်၊ တခြားအဖွဲ့အစည်းကတော့ မရောက်သေးပါဘူး၊ အစိုးရက လူတစ်ယောက်ကျ ဆန် ၄ဘူးပေးပါတယ်၊ တခြားပေးတာမရှိပါဘူး” ဟုပြောသည်။

ညောင်တောရွာတွင် အစိုးရမှ လူတစ်ယောက်ကျ ဆန် ၅ဘူးပေးပြီး၊ မြေပုံမြို့ပေါ် ရှိ ပရဟိတအသင်းမှ လူ ၂၂ ယောက်အတွက် မာမားခေါက်ဆွဲ ၂၂ ထုတ်ပေးခဲ့သည်ဟု ညောင်တောအုပ်ချုပ်ရေးမှူး ဦးရွှေသိန်းမှပြောသည်။

“ကျွန်တော်တို့ရွာက အိမ်ခြေ ၉၀ ကျော်ရှိပါတယ်၊ ပျက်စီးသွားတာက အိမ်ခြေ ၆၀ ကျော်ပါ၊ အစိုးရက တစ်ယောက်ကို ဆန် ၅ဘူးပေးပါတယ်၊ မြေပုံမြို့ထက်က ပရဟိတအသင်းက မာမားခေါက်ဆွဲထုတ် ၂၂ထုတ်ပေးပါတယ်၊ တခြား ဘယ်အဖွဲ့စည်းကမှ ပေးထားတာမရှိသေးပါဘူး” ဟု ဆိုသည်။

မြေပုံမြို့နယ် င/မန်းရဲကျွန်းမှ ဒေသခံများအား မိုခါမုန်တိုင်းမတိုက်မီက မင်းပြားမြို့နယ် ကြပ်စင်ကျွန်းသို့ ဒေသခံ ၅၀၀၀ ကျော်ကို AAတပ်ဖွဲ့ဝင်များကရွှေ့ပြောင်းပေးခဲ့သည့်အတွက် အသက်ဘေးမှ လွတ်ခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ