Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တင်းမရွာ နေအိမ်များမှ အိမ်တိုင်၊ ပျဥ်ပြားနှင့် သွပ်မိုးများကို စစ်ကောင်စီတပ်က ခိုးယူအသုံးပြုနေ

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ် တင်းမရွာမှ အိမ်တိုင်နဲ့ သွပ်မိုးများကို စစ်ကောင်စီတပ်မှ ခိုးယူနေသည်ဟု သိရသည်။

တင်းမရွာသည် ၂၀၂၀ခုနှစ် မတ်လ ၂၂ရက်နေ့မှ စ၍ စစ်ကောင်စီတပ်က တင်းမရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် တင်းမရွာမှ ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ကြရသည်။

တင်းမရွာကို မြန်မာစစ်တပ်က မီးရှို့ခဲ့စဥ်က လူနေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့ပြီး ကျန်ရှိနေသည့် လူနေအိမ် ၅၀၀ ကျော်မှ အိမ်တိုင်များ၊ ပျဥ်နှင့် သွပ်အမိုးများကိုလည်း မြန်မာစစ်တပ် (စစ်ကောင်စီတပ်) က ခိုးယူသွားဖြစ်ကြောင်း တင်းမဆရာတော်က ABN သတင်းဌာနကို မိန့်ကြားသည်။

“ သူတို့ မီးရှို့ဖျက်ဆီးတာ ၁၀၀ ကျော်လောက်ပါသွားတယ်၊ မီးရှို့ပြီး ကျန်ရှိနေခဲ့တဲ့ အိမ်တွေက တိုင်တွေ၊ သွပ်မိုးခေါင်တွေ၊ ပျဥ်တွေ၊ ရွာသားတွေမှာ ကျန်နေခဲ့တဲ့ နွားတွေပါ၊ သူတို့ဖျက်စီးလို့ ဘာမှ မရှိတော့ဘူး၊ မီးမရှို့ဘဲ ကျန်ရှိနေခဲ့တဲ့ အိမ်တွေကို ဆက်ထိန်းထားစေချင်ပါတယ်” ဟုမိန့်သည်။

မြန်မာစစ်တပ် (စစ်ကောင်စီတပ်) က ရွာကို မီးရှို့ခဲ့သည့် အချိန်တွင် ရွာထဲတွင် အစောင့်ကျန်ရှိခဲ့သည့် လူ ၃ဦးအပါအဝင်၊ တင်းမသစ်ရွာမှ ၈ယောက်၊ တင်းမကြီးရွာမှ ၁၀ ယောက် စုစုပေါင်း ၂၁ယောက်တို့မှ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသည်ဟု သိရသည်။

“ ရွာကို မီးဝင်ရှို့တဲ့ အချိန်က အစောင့်ကျန်ခဲ့တဲ့ ၃ဦးအပါအဝင် ကျန်တဲ့ ၁၈ ယောက်ကတော့ဖမ်းဆီးခံထားရတာပါ၊ ဒါပေမယ့် ခုချိန်ထိ သူတို့ သေလား၊ ပျောက်လားဆိုတာ အစရှာမတွေ့ပါဘူး၊ မိသားစုတွေက သူတို့ဘယ်လိုဖြစ်နေကြတာလဲ၊ ရှိသေးလား၊ ဒါမှမဟုတ် သူတို့တွေ အသတ်ခံလိုက်ရပြီးလားသိချင်နေကြပါတယ်” ဟု တင်းမဆရာတော်မှ ဆက်မိန့်သည်။

တင်းမရွာတွင် အိမ်ခြေ ၇၀၀ ကျော်လောက်ရှိပြီး၊ လူဦးရေး ၃၀၀၀ ကျော် ၄၀၀၀နီးပါးရှိကာ ၂၀၂၀ မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီမှ အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှိဖျက်စီးပြီး ကျန်ရှိနေခဲ့သည့် နေအိမ်များမှ သွပ်ခေါင်းမိုးများ၊ အိမ်တိုင်များ၊ ပျဥ်များကို ခိုးယူပြီး တင်းမရွာအနီးတောင်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်က အသုံးပြုနေကြောင်း သိရသည်။

လက်ရှိအချိန်ထိ တင်းမရွာသားများသည် ကျောက်‌တော်ဘူတာစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်နေကြရသည်ဟု သိရသည်။

တင်းမဆရာတော်ဦးစီးပြီး နေရပ်ပြန်နိုင်ရန်အတွက် စစ်ကောင်စီထံသို့ ၉ကြိမ်တိုင် စာတင်တောင်းဆိုခဲ့သော်လည်း ၁ ကြိမ်မျှပြန်လည် ဖြေရှင်းချက်မပေးကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်မင်း၊ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦး၊ နယ်စပ်ရေးရေးလုံခြုံရေးဝန်ကြီး ကျော်သူရ၊ နစက အဖွဲ့ဝင်ဖြစ်သည့် ‌ဒေါ်အေးနုစိန်နှင့် စစ်ကောင်စီဝန်ကြီးချုပ် မင်းအောင်လှိုင်တို့ထံသို့ တိုက်ရိုက် စာတင်ပြီး နေရပ်ပြန်ရပ် တောင်းဆိုခဲ့ပြီးဖြစ်သည်ဟုဆရာတော်က မိန့်သည်။

“စာတင်တာ ၉ကြိမ်ရှိပါပြီ၊ ၁ကြိမ်မျှဖြေရှင်းချက်မပေးဘူး၊ ရခိုင်ပြည်ဝန်ကြီးချုပ်၊ နယ်လုံရေးရာဝန်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူး ထင်လတ်ဦး၊ နယ်လုံရေးရာဝန်ကြီး၊ စစ်ကောင်စီအဖွဲ့ဝင် ‌ဒါ်အေးနုစိန်၊ ပြီးရင် စစ်ကောင်စီဝန်ကြီးချုပ် မင်းအောင်လှိုင် သူတို့တွေကို တိုက်ရိုက်တင်တာပါ၊ ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းပါတယ်၊ ဘာမှထူးခြားမှုမရှိပါဘူး၊ စာတင်မှာကို စိတ်ပျက်လာပါတယ်၊ ပြည်သူတွေကို ဂရုမစိုက်တာ တအားများပါတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် တင်းမရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးလာရစဥ်က ရွာတွင် ကျန်နေခဲ့သည့် နွားများကိုလည်း စစ်ကောင်စီတပ်က သတ်စား၍ အနည်းငယ်သာ ကျန်ရှိတော့ ကြောင်း သိရသည်။

ဓာတ်ပုံ-တင်းမရွာရှိနေအိမ်များ အခြေအနေ/တင်းမဆရာတော်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ