Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆရာမနှင်းယုနွယ်အမှုအား ULA/AA မှ အထူးစုံစမ်းဖော်ထုတ်နေ

ဆရာမနှင်းယုနွယ်အမှုအား ULA/AA မှ အထူးစုံစမ်းဖော်ထုတ်နေ

AB News-ဟိန်းထွန်း

စက်တင်ဘာ ၁၈ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် မုဒိန်းကျင့်လည်လှီးသတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အမှုကို ရက္ခိုင့်တပ်တော်အမျိုးသားအဖွဲ့ချုပ် ULA/AA မှ သံသယရှိသူများကို အပူတပြင်းစုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

အဆိုပါအမှုကို ရသေ့တောင်မြို့နယ် အာလဖာ ၂ ရဲဌာနမှ ကိုင်တွယ်ကာ ကျွမ်းကျင်သည့်ထောက်လှမ်းရေးများနှင့် အမှုမှန်ပေါ်ပေါက်စေရေးအတွက် အထူးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အမှုမှန်ကိုရရှိစေရန်အတွက် သံသယရှိသည့်လူပေါင်း ၅၀ ကျော်ကို ခေါ်ယူပြီး အရေးတစိုက် စစ်ဆေးလျှက်ရှိသည့်အပြင် အနီးအနားရှိရွာများမှ လူများကို ခေါ်ယူပြီး စစ်ဆေးမှု လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော်၏ တာဝန်ရှိသူ တစ်ဦးက ABN သို့ပြောသည်။

“အမှုမှန်ပေါ်အောင်အတွက် မသင်္ခါတဲ့သူတွေကိုခေါ်လို့အရေးတကြီးစစ်ဆေးနေပါတယ်၊ အတတ်နိုင်ဆုံးလုပ်ပေးနေတယ်၊ ထောက်လှမ်းရေးတွေ လည်းကြိုးစားပြီးလုပ်ဆောင်နေတယ်” ဟု ဆိုသည်။

ကျူးလွန်ခြင်းခံခဲ့ရသည့် အမှုကို မပျောက်ပျက်စေရန် ရက္ခိုင့်တပ်တော် ရဲဌာနများ၊ နယ်မြေတာဝန်ခံများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ကြိုးစားလုပ်ဆောင်နေကြောင်းတွေ့ရသည်။

၎င်းအမှုကို ပန်းဖော်ပြင်ရွာတွင်စစ်ဆေးနေလျက်ရှိ​ပြီး အမှုမှန်ပေါ်စေရန်အတွက် တရားခံအစစ်ကိုဖမ်းဆီးရမိစေချင်ကြောင်း၊ သို့မဟုတ်လျှင် ပတ်ဝန်းကျင်မှ သံသယမျက်လုံးများနှင့်ကြည့်ကြမည်ဖြစ်ကြောင်း ပေါက်တောရွာမှ အုပ်ချုပ်ရေးမှုး ဦးမောင်ကျော်ယဥ်က ပြောသည်။

“ဒီရွာမှာစစ်ဆေးနေပါတယ်၊ ခုနားကတောင် နွားကျောင်းတဲ့လင်မယားနှစ်ယောက်စစ်ဆေးခံရတယ်၊ ပေါက်တောရွာကလူတွေလည်းပါတယ်၊ တရားခံအစစ်ကိုဖော်ထုတ်ပေးစေချင်ပါတယ်၊ တရားခံအစစ်ကို ရရင်ပတ်ဝန်းကျင်ကလူတွေလည်း အေးချမ်းသွားမယ်၊ မရရင်တော့ သံသယမျက်လုံးတွေနဲ့ကြည့်နေကြမယ်”ဟုဆိုသည်။

အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲတွင် သူမ၏နေအိမ်ကနေပြီး တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင်ကျောင်းသို့ စာသင်ပြရာလမ်းတွင် အမည်မသိလူတစ်စုမှ အတင်းအဓမ္မ မဒိန်းကျင့် လည်လှီးသတ်ဖြတ်မှုကိုခံခဲ့ရသည်။

ပေါက်တောပြင်နှင့် ပန်းဖော်ပြင်ရွာသည် ၂ မိုင်ခန့်သာရှိပြီး တောအနည်းရှိသည့်အပြင် လူမပြတ်သောလမ်းလည်းဖြစ်ကြောင်း သိရှိရသည်။

သူမသည်ကျောင်းတွင် တာဝန်ထမ်းဆောင်နေစဥ်အတွင်း တာဝန်ကျေပွန်သည့်ဆရာမတစ်ဦးဖြစ်ပြီး ရိုးရိုးသားသားနေထိုင်သူတစ်ယောက်ဖြစ်ကြောင်း ပန်းဖော်ပြင်ကျောင်းအုပ်ဆရာမကြီးထံက သိကသည်။

အဆိုပါကျူးလွန်သူများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) မှ အမှုမှန်ပေါ်ပေါက်ရေးအတွက် သံသယရှိသည့်လူများကိုအထူးစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ