Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် မောင်မောင်အေးအား အဓိကသံသယတရားခံအဖြစ် AA ဖမ်းဆီးရခြင်း အပေါ် ABN က သဲလွန်စများတွေ့ရှိ

ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် မောင်မောင်အေးအား အဓိကသံသယတရားခံအဖြစ် AA ဖမ်းဆီးရခြင်း အပေါ် ABN က သဲလွန်စများတွေ့ရှိ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၉ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာနှင့် ပန်းဖော်ပြင်လမ်းတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဆရာမ ဒေါ်နှင်းယုနွယ်၏ အမှု၌ မောင်မောင်အေးအား အဓိကသံသယတရားခံအဖြစ် AA ဖမ်းဆီးရခြင်းအကြောင်းရင်း သဲလွန်စအချို့ကို ABN က ကွင်းဆင်းလေ့လာ စုဆောင်းရရှိခဲ့သည်။

အလယ်တန်းပြဆရာမ ဒေါ် နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်တွင် တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင် ကျောင်းသို့ စာသင်သွားရန်လမ်းတွင် အမည်မသိ လူတစ်စု၏ လည်လှီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

၎င်းအမှုကို ရက္ခိုင့်တပ်တော် AA အာလဖာ ၂ စစ်ဒေသအတွင်းရှိ ရဲဌာနက စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး အလောင်းကိုမျက်မြင်တွေ့ရှိသူများအပါအဝင် သံသယရှိသူများကို ခေါ်ယူပြီး စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့သည်။

စစ်ဆေးနေစဥ်ကြားကာလအချိန်တွင် အဓိက သံသယရှိသူ ၂ ဦးထဲမှ မောင်မောင်အေး ဆိုသူသည် စက်တင်ဘာလ ၁၉ ရက်နေ့ည ၉ နာရီကျော်တွင် အိမ်သာသွားရာမှ ရုတ်တရက်ထွက်ပြေးလွတ်မြောက်ခဲ့သည့်အတွက် ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက တပ်ဖွဲ့ဝင်များ သတိပေါ့ဆမှုကြောင့် ဖြစ်သည်ဟု မီဒီယာများသို့ အတည်ပြုပြောဆိုခဲ့သည်။

၎င်းအမှုနှင့်ပတ်သက်၍ ဆရာမဒေါ်နှင်းယုနွယ် နှင့် မောင်မောင်အေးတို့ကြားတွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဆက်စပ်ပတ်သက်နေမှုတစ်စုံတစ်ရာရှိနေကြောင်း တွေ့ရသည်။

မောင်မောင်အေးသည် အမ်းကနေပြီး နှင်းယုနွယ်၏ အစ်မဖြစ်သူ ဒေါ်ညိုညိုလွင်နေအိမ်သို့ ငွေ ၂သောင်းချေးရန်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သူမ၏ ခင်ပွန်းဖြစ်သူ ဦးဇော်ဇော်ဦး က ပြောသည်။

“သူက ည ၇ နာရီကျော်လောက်မှာ ပိုက်ဆံချေးဖို့​ရောက်လာပါတယ်၊ ကျနော်ကလည်းပိုက်ဆံမရှိပါဘူး၊ လက်ထဲမှာလည်းပိုက်ဆံပြတ်နေတယ်၊ ကျနော့်ဇနီးကလည်း သားစာပေးစာယူဖြေဖို့အတွက် ပိုက်ဆံကြပ်တည်းနေတယ်လို့ ပြောလိုက်တယ်” ဟု ဆိုသည်။

ထို့နောက် မောင်မောင်အေးသည် အိမ်ခန်းအတွင်းရှိလူများကို တစ်ယောက်ချင်းစီလက်ဆွဲ နှုတ်ဆက်ခဲ့ပြီး အိမ်အပြင်သို့ထွက်လာခဲ့ကာ ဇော်ဇော်ဦး၏ သားဖိနပ်နှင့် ၎င်းစီးသည့်ဖိနပ် မှားသွားခဲ့ကြောင်း သိရသည်။

သူသည် ယိုးဒယားဖိနပ်မှားစီး၍ ထွက်ရာတွင် ဒေါ်ညိုညိုလွင်၏သားဖိနပ် နှင့် သူ့ဖိနပ်တစ်ဖက်မှားနေကြောင်း မောင်မောင်အေးက ဇော်ဇော်ဦးကို လှမ်းပြောရာတွင် သိလိုက်ရကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆရာမဒေါ်နှင်းယုနွယ် လည်လှီးသတ်ဖြတ်ခြင်းခံရမှုနှင့်ပတ်သက်၍ မောင်မောင်အေး၏ ဖိနပ်တစ်ရံကို သတ်ဖြတ်ခံထားရသည့် သူမ၏အလောင်းဘေးနားတွင် တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောပြချက်အရသိရသည်။

ထို့အပြင် မှုခင်းမဖြစ်ပွားမီ မောင်မောင်အေး၏ မျက်နှာနှင့် နောက်ကျောတို့တွင် ဒဏ်ရာ မတွေ့ရဘဲ မှုခင်းဖြစ်ပြီးနောက် ဒဏ်ရာများတွေ့ ရှိကြောင်း မျက်မြင်သက်သေ တစ်ဦးက ABN သို့ အတည်ပြုပြောသည်။

“သူ့မှာမျက်နာနဲ့ ကျောတွေမှာ ဘာဒဏ်ရာမှ မပါဘူး၊ ကျနော့်အိမ်မှာ ထမင်းစားသွားတာပါ၊ မှုခင်းဖြစ်တဲ့နောက်မှ သူ့မျက်နှာတွေ၊ ကျောကုန်းတွေမှာ လက်သည်းကုတ် ဒဏ်ရာတွေ တွေ့ရတယ် ၊ ဒါတွေက အမှုနဲ့ဆက်စပ်နေတယ်လို့ ULA/AAကိုပြောလိုက်တယ်” ဟု ဆိုသည်။

တရားခံခြေရာ မပျောက်ပျက်စေရန်နှင့် မုဒိမ်းကျင့်မှု ရှိ၊မရှိကို ဆေးစစ်ဆေးရန်အတွက် သူမ၏သေဆုံးနေသည့်အလောင်းကို တာပေါ်လင်စဖြင့်ဘေးပတ်ပတ်လည်ကာထားကာ ရက္ခိုင့်တပ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆေးမှူးများစစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

သေဆုံးနေသည့်အလောင်းကို ဆေးစစ်ဆေးရန် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ချင်ကြောင်း မိသားစုဝင်များက ရက္ခိုင့်တပ်တော်၏ သက်ဆိုင်ရာ တာဝန်ခံများကို တောင်းဆိုခဲ့သော်လည်း ရက္ခိုင်တပ်တော်မှ အားလုံးတာဝန်ယူဖြေရှင်းပေးမည်ပြောကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“အလောင်းကို ဆေးရုံ ပို့ဖို့အတွက် ကျနော်က နယ်မြေမှူးဆီက ခွင့်တောင်းပါတယ်၊ ကျနော်တို့ ပညာရေးဝန်ထမ်းဖြစ်တဲ့အတွက် ပညာရေးဌာနက ကြည့်ဖို့တောင်းပါတယ်၊ ဆရာဝန်လည်း ဆေးစစ်လက်မှတ်ထုတ်ပေးစေချင်တယ်လို့ပြောပါတယ် “ဟု ဆိုသည်။

ထိုသို့ပြောရာတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က ၎င်းတို့အားလုံးဖြေရှင်းပေးမည်၊ ပညာရေးဌာနကိုလည်း Report တင်ပေးသွားမည်ဖြစ်သည့်အပြင် အစစအရာရာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းပြောသည်ဟု မိသားစုဝင်များပြောပြချက်အရသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆေးစစ်ဆေးမှု ရှိ/မရှိဆိုသည်ကို ABN ကအတည်ပြုရန်အတွက် ရသေ့တောင် မြို့နယ်ဆရာဝန်ကြီး ဦးတင်မြင့်ဦး ဆီသို့ မေးမြန်းခဲ့ရာ ၎င်း မှ ယခုလိုပြောသည်။

“ကျနော်ဆီကို ဆွေမျိုးတွေကဖုန်းဆက်လာပါတယ်၊ ကျနော့်ဆေးရုံကိုယူလာဖို့ခက်တယ်ဆိုရင် စေတီပြင်ဆေးရုံကိုယူသွားလို့ပြောပါတယ်၊ စေတီပြင်ဆရာဝန်ကိုလည်း ဖုန်းနဲ့ချိတ်ဆက်ပြီးဘာတွေလုပ်ဆောင်ရမလဲ အားလုံးညွှန်ကြားထားပါတယ်” ဟု ဆိုသည်။

မှုခင်းစစ်ဆေးရန်အတွက် အလောင်းကိုဆေးရုံသို့ယူလာပြီး စမ်းသပ်စစ်ဆေးပြီးခါမှ နမူနာများယူပြီး ဓာတုဗေဒဝန်ရုံးကိုပို့ပြီး ညွန်ကြားစာများနှင့် အဆင့်ဆင့် အမှုကိုခိုင်ခိုင်မာမာတည်ဆောက်စေချင်ကြောင်း ဆရာဝန်ကြီး ပြောပြချက်အရ သိရသည်။

မှုခင်းဖြစ်ပွားနေသည့်အချိန်တွင် မိသားစုဝင်များသည် မည်သို့လုပ်ကိုင်ရမှန်းမသိတော့ဘဲ ​ရုန်းရင်းဆန်ခတ်ဖြစ်နေခြင်း၊ အချိန်လည်းမှောင်လာနေခြင်းတို့ကြောင့် ရွာ၏ ဓလေ့အရ ဆရာမဒေါ်နှင်းယုနွယ်၏ အလောင်းကို ရက်ချင်း သင်္ဂြိုလ်လိုက်ရကြောင်း သိရသည်။

ယခင်ကလည်းမောင်မောင်အေးဆိုသူသည် နှင်းယုနွယ်အိမ်ရှေ့သို့ ၂ ကြိမ်ထက်မနည်း လာရောက်ပြီး မူးမူးယစ်ယစ်ဖြင့် နှင်းယု ဟု ခေါ်ဆိုမှုများရှိခဲ့ကြောင်းမိသားစုများထံက သိရသည်။

ဆရာမသည် မိအိုဖအိုကို အနီးကပ်ပြုစုစောင့်ရှောက်နေသည့် လူတစ်ယောက်ဖြစ်သည့်အပြင် ရပ်ရွာတွင်လည်း အေးဆေးနေတတ်ပြီး လူချစ်လူခင်များသူတစ်ယောက်ဖြစ်သည်ဟု သိရသည်။

ဆရာမ ဒေါ်နှင်းယုနွယ်သည် ၁၉၈၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ရသေ့တောင်မှ တက္ကသိုလ်ဝင်စားမေးပွဲကို အောင်မြင်ခဲ့ကာ ၂၀၀၈ခု နှစ်တွင် ကျောက်ဖြူပညာရေးကောလိပ်မှ ဆရာအတတ်သင် ပညာရေးလက်မှတ် ပထမနှစ် ( Certificate in Education ) အပြင် ဆရာအတတ်ပညာ ဒီပလိုမာ ဒုတိယနှစ် ( Diploma in Teacher Education ) ကိုရရှိခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မူလတန်းပြဆရာမအဖြစ် သာစည်တွင်ကျောင်းပြခွင့်ရ ရှိခဲ့၍ ယင်းမှတဆင့် ကျွန်းပေါ်ပေါက်တော၊ အ.လ.ပြ အဖြစ် ပန်းဖော်ပြင်၊ စပါးထားကျောင်းတို့တွင် ကျောင်းဆရာမလုပ်သက် ၁၃ နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း တွေ့ရသည်။

ကျောက်ဖြူပညာရေးကောလိပ်တက်စဥ်က သူမ၏ Auto ရေးထားခဲ့သည့်စာအုပ်တွင်လည်း မိန်းကလေးသူငယ်ချင်းအများစုတွေ့ရပြီး ၎င်းတို့သည် မာန်အောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ အစရှိသည့် မြို့နယ်များမှ ဖြစ်သည်။

ဖမ်းဆီးထားရာမှ ထွက်ပြေးသွားခဲ့သည့် မောင်မောင်အေးကို စက်တင်ဘာလ ၂၆ ရက်နေ့က ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် လုံခြုံစိတ်ချရသည့် နေရာတွင် ထိန်းသိမ်းကာ စစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ