Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆရာမဒေါ်နှင်းယုနွယ်အား လည်လှီးသတ်ဖြတ်ခဲ့သည့် တရားခံ၏ သက်သေခံဓားကို ရရှိပြီဟု သိရ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၁၅ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာတွင် ဆရာမနှင်းယုနွယ်အား လည်လှီးသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် မောင်မောင်အေး၏ သက်သေခံဓားကို ရရှိပြီဟု မိသားစုဝင်များထံကသိရသည်။

ထိုဓားကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၂ ရက်နေ့မှစပြီး ပန်းဖော်ပြင်ချောင်းထဲတွင် ၃ ရက်တိုင်တိုင် ရေငုတ်ရှာဖွယ်မှုပြုလုပ်ခဲ့ရာ ယနေ့တွင်ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ABN သို့အတည်​​ ပြုပြောသည်။

“တပ်ဖွဲ့ဝင် ၃၀ လောက်ရှိပါတယ်၊ တရားခံဓားကို ရေငုတ်ပြီးရှာဖွယ်ကြတယ်၊ ၃ ရက်ကြာပါတယ်၊ ဒီနေ့ မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ရှာတွေ့ပါတယ်” ဟု ဆိုသည်။

တရားခံမောင်မောင်အေး ထွက်ဆိုသည့်အတိုင်း ၎င်းညွှန်ပြရာ ချောင်းတွင် သက်သေခံဓားရှည်ကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ရေငုတ်ပြီး ရှာဖွယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်အေးသည် ဆရာမဒေါ်နှင်းယုနွယ်အား ဓားခုတ်သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ၎င်းကိုယ်တိုင် AA ၏ တရားရေးဌာနတွင် ဝန်ခံထားပြီးဖြစ်သည်ဟု အောက်တိုဘာလ ၁၂ ရက်နေ့က ဦးခိုင်သုခက မီဒီယာများသို့ အတည်ပြု​ပြောခဲ့သည်။

ရက္ခိုင့်တပ်တော် တရားရေးဌာနမှ တာဝန်ရှိသူများက တရားခံမောင်မာင်အေးအား စစ်ဆေးမေးမြန်းပြီး ၎င်းကိုယ်တိုင် အခင်းဖြစ်သည့်နေ့က ဆရာမအား သတ်ခဲ့သည့်အတိုင်း အဆင့်ဆင့်ကို ပေါက်တော-ပန်းဖော်ပြင်လမ်းရှိ မှုခင်းဖြစ်ပွားခဲ့သည့်နေရာတွင် သရုပ်ပြလုပ်ဆောင်ခဲ့သည်ကို ရုပ်သံဖိုင်မှတ်တမ်းအရ သိရသည်။

တရားခံအစစ်ကို ဖော်ထုတ်နိုင်သည့်အတွက်ကြောင့် တရားခံ၏ မျက်နှာကို မြင်ခွင့်ရချင်ကြောင်း ဆရာမဒေါ်နှင်းယုနွယ်၏ မိဘများက AB News မှ ကွင်းဆင်းသတင်းရယူစဥ် ပြောခဲ့သည်။

ဆရာမဒေါ်နှင်းယုနွယ်သည် အဖ ဦးကျော်ညွန့်ဦး၏ သမီးထွေး အသက် ၃၇ အရွယ် အလယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး ကျွန်းပေါ်ပေါက်တောကျေးရွာဇာတိဖြစ်သည်။

သူမသည် စက်တင်ဘာလ ၁၆ ရက်နေ့က တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင်ကျောင်းသို့စာသင်သွားရန်လမ်းတွင် ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသူဖြစ်သည်။

အစ်မဖြစ်သူအသတ်ခံရမှုကြောင့် တရားမျှတမှုရရှိစေရန်နှင့် တရားခံ အစစ်အမှန်ကို တောထဲတွင် အပြစ်မပေးဘဲ အများပြည်သူရှေ့မှောက်တွင် ထုတ်ဖော်ပြရန် အမေရိကန်ရောက် သူမ၏ မောင်ဖြစ်သူ ကိုစိုးမိုးလွင်ခေါ် (ခိုင်မိုး )က ABN သို့ပြောသည်။

“တရားမျှတမှုကိုလိုချင်ပါတယ်၊ တောထဲမှာသတ်ပစ်တယ်ဆိုတာက ပြည်သူတွေ မယုံတစ်ဝက် ဖြစ်နေမယ်ထင်ပါတယ်၊ လူမြင်ကွင်းမှာ ပြဖို့တောင်းဆိုတာက နောက်နောင်မဖြစ်စေဖို့နဲ့ စံနမှုနာပြတဲ့အနေနဲ့ အများပြည်သူရှေ့မှာ ထုတ်ဖော်စေချင်တာပါ “ဟု ဆိုသည်။

ဆရာမနှင်းယုနွယ် အမှုပေါ်ပေါက်စေရန် ရက္ခိုင့်တပ်တော် အာလဖာ ၂ စစ်ဒေသအတွင်းရှိ ရဲဌာနက စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး အလောင်းကိုမျက်မြင်တွေ့ရှိသူများအပါအဝင် သံသယရှိသူများကို ခေါ်ယူပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

စစ်ဆေးနေစဥ်ကြားကာလအချိန်တွင် အဓိက သံသယရှိသူ ၂ ဦးထဲမှ မောင်မောင်အေး ဆိုသူသည် စက်တင်ဘာလ ၁၉ ရက်နေ့ည ၉ နာရီကျော်တွင် အိမ်သာသွားရာမှ ရုတ်တရက်ထွက်ပြေးလွတ်မြောက်ခဲ့သည့်အတွက် ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက တပ်ဖွဲ့ဝင်များ သတိပေါ့ဆမှုကြောင့် ဖြစ်သည်ဟု မီဒီယာများသို့ အတည်ပြုပြောဆိုခဲ့သည်။

အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်အမှုနှင့်ပတ်သတ်၍ ထွက်ပြေးလွှတ်မြောက်သွားခဲ့သည့် အဓိကသံသယတရားခံ မောင်မောင်အေးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA က) စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်အချိန်တွင် ၎င်း ၏အစ်မဖြစ်သူ နုနုအေးအိမ်တွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကျွန်းပေါ်​ပေါက်တော-ပန်းဖော်ပြင်လမ်းသည် ခြေကျင်လျှောက်လျင် ၁ နာရီဝန်းကျခန့်ရှိပြီး၊ ကား၊ ဆိုင်ကယ်ဖြင့်သွားလျှင် ၅ မိနစ်ခန့်ကြာမြင့်ကြောင်းတွေ့ရသည်။

ဆရာမ ဒေါ်နှင်းယုနွယ်သည်၂၀၀၇ ခုနှစ်တွင် ရသေ့တောင်မှ တက္ကသိုလ်ဝင်စားမေးပွဲကို အောင်မြင်ခဲ့ကာ ၂၀၀၈-၉ ခုနှစ်တွင် ကျောက်ဖြူပညာရေးကောလိပ်မှ ဆရာအတတ်သင် ပညာရေးလက်မှတ်အပြင် ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မူလတန်းပြဆရာမဖြစ် သာစည်တွင်ကျောင်းပြခွင့်ရရှိခဲ့၍ ယင်းမှတဆင့် ကျွန်းပေါ်ပေါက်တော၊ အလယ်တန်းပြအဖြစ် ပန်းဖော်ပြင် နှင့် စပါးထားကျောင်းတို့တွင် ကျောင်းဆရာမလုပ်သက် ၁၃ နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ