Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆန်စက်ပိုင်ရှင်နှင့် ပူးတွဲတရားစွဲဆ်ိုခံရသူ ပြန်လွတ်မလာ၍ မိသားစုဝင်များစိုးရိမ်နေပြီး အပြစ်မရှိလျှင်ပြန်လွှတ်ပေးစေလိုကြောင်းပြော

ဆန်စက်ပိုင်ရှင်နှင့် ပူးတွဲတရားစွဲဆ်ိုခံရသူ ပြန်လွတ်မလာ၍ မိသားစုဝင်များစိုးရိမ်နေပြီး အပြစ်မရှိလျှင်ပြန်လွှတ်ပေးစေလိုကြောင်းပြော

ABN-မေအိအိအောင်

သြဂုတ်လ ၅ ရက်

ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဖော်ဖြစ်သူမှာ ဆန်စက်ပိုင်ရှင်လွတ်မြောက်လာသော်လည်း အဖော်အဖြစ်လိုက်ပါရယတွင် ဖမ်းဆီးခံခဲ့ရသူ မလွတ်လာ၍ စိုးရိမ်နေကြောင်း မိသားစုဝင်များကပြောသည်။

အဖော်ဖြစ်သူ ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုပြီး ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ မလွတ်မြောက်သေးပေ။

အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် ကိုမောင်သက်စိုး မလွတ်မြောက်လာသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြောင်းနှင့် အပြစ်မရှိသည့်အတွက် ၎င်းအားပြန်လွတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူက ပြောသည်။

“သူနဲ့အတူ ဖမ်းဆီးခံရတဲ့ အစ်ကိုက ပြန်လွတ်လာတယ်။ ကျမယောကျ်ားက ပြန်မလွတ်လာသေးဘူး။ ဘာကြောင့်ဆက်ပြီးဖမ်းထားလဲဆိုတဲ့ အကြောင်းလည်းမသိဘူး။ သူ့အတွက် တကယ့်ကို စိုးရိမ်ပါတယ်” ဟု သူမကပြောသည်။

၎င်းအပြင် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မောင်သက်စိုးမှာ ဦးလှမောင်သန်းနှင့်အတူ တရားစွဲဆိုခံရသော်လည်း စွဲဆိုသူ တရားလို မရှိသည့်အပြင် ရုံးထုတ်စစ်ဆေးရာတွင်လည်း သူ့အားစစ်ဆေးခြင်းမပြုလုပ်သည့်အတွက် အပြစ်မရှိလျှင် ပြန်လွတ်ပေးစေလိုကြောင်း ထပ်ပြောသည်။

လက်ရှိတွင် မောင်သက်စိုး၏ ဇနီးမှာ ၂ နှစ်အရွယ်ကလေးတစ်ဦးနှင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိသည့်အတွက် စားဝတ်နေရေး အဆင်မပြေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ