ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ ၅၅၀ တပ်ရင်းမှ ဝင်ရောက်မီးရှို့ခဲ့ရသည့် နေအိမ် ၉ အိမ်ကို ပြန်လည်တည်ဆောက်ရန် အကူအညီလိုအပ်လျက်နေရှိသည်။
ဆင်အင်းကြီးရွာမှ စစ်ကောင်စီတပ်၏ မီးရှိ့ခံခဲ့ရသော နေအိမ်များ ဦးထွန်းတင် ( တိုက်အိမ်)၊ ဦးအောင်ကျော်ဝင်း ( သစ်သားအိမ်)၊ ဦးမောင်ထွန်းကြိုင် အမေ (ဝါးအိမ်)၊ ဦးမောင်မောင်လှ (အုတ်တိုင် ပျဉ်ထောင်)၊ ဦးခိုင်ထွန်းစိန် (သွပ်မိုးသွပ်ကာ ဝါးခင်း)၊ ဦးဌေးဝင်းမောင် (တိုက်အိမ် အငယ်)၊ ဦးမောင်သန်းရွှေ (သစ်တိုင် သွပ်မိုး ဝါးထရံ)၊ ဦးမောင်မောင်သိန်း စစ်ကောင်စီတပ်မှ ပစ်ခတ်၍ သေသွားသူ (သွပ်မိုး ပျဉ်ထောင်)နှင့် ဦးရွှေသိန်း (သွပ်မိုး ဝါးထရံ ပျဉ်ခင်း)တို့၏ နေအိမ်များဖြစ်ကြသည်။
မီးတိုက်ခံရသည့် နေအိမ်မှ မိသားစုများမှာ ဆွေမျိုးရင်းချာများဖြစ်ကြပြီး တစ်ဆွေမျိုးလုံး၏အိမ်များ မီးတိုက်ခံခဲ့ရခြင်းဖြစ်သည်။ ထိုအထဲမှ ဦးထွန်းတင်နှင့် ဦးဌေးဝင်းမောင်တို့မှာ စပါးကျီများကိုပါ မီးတိုက်ခံခဲ့ရသည်။
မီးရှို့ခံခဲ့ရသည့် နေအိမ်များကို ပြည်လည် တည်ဆောက်ရန်အတွက် ရွာသားများမှာ မတတ်နိုင်သဖြင့် အကူအညီများ လိုအပ်နေကြောင်း ပြောသည်။
“အကူအညီတောင်းချင်ပါတယ်၊ ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်ပါဘူး၊ ဒီမီးရှို့ခံခဲ့ရတဲ့ အိမ်တွေအတွက်ရော၊ သေဆုံးသွားခဲ့တဲ့လူတွေအတွက်ရော၊ အိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေအတွက်ပါ ကူညီပေးကြပါ၊ အားလည်းအားကိုးပါတယ်၊ အကူအညီက အရမ်းကို လိုအပ်နေလို့ပါ” ဟု နေအိမ်မီးရှို့ခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ဝင်း ၄၆ နှစ်က ABN ကို ပြောသည်။
ထို့အပြင် နေအိမ်မီးရှို့ခံခဲ့ရကတည်းက တချို့မိသားစုများမှာ ရွာသို့ပြန်မလာရဲကြသေးဘဲ အနီးအနားရှိ ဆွေမျိုးများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျက်ရှိနေကြရကြောင်း ရွာသားများက ပြောသည်။
“ နီးစပ်ရာမှာ နေကြရတယ်၊ မိသားစုအိမ်တို့ ကယ်ဆယ်ရေးတို့မှာလည်းနေကြရတယ်၊ ကျွန်တော် မိသားစုဝင်တွေဆိုရင် တခြားဆွေမျိုးတွေအိမ်မှာကပ်ပြီးနေကြရပါတယ်၊ တချို့ကလည်း ရွာကို ပြန်မလာရဲကြသေးပါဘူး” ဟု နောက်ထပ်ရွာသားတစ်ဦးကဆိုသည်။
ထို့ပြင် နေအိမ်များမီးလောင်နေသည်ကို မြင်ခဲ့သော်လည်း အသက်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသည့် အိမ်မီးရှို့ ခံခဲ့မိသားစုဝင်များမှာ လက်ရှိအချိန်တွင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာများကို ပြန်လည်တည်ဆောက်ရန် အခက်အခဲများစွာရှိနေကြသည်။
“ကိုယ့်အိမ်မီးလောင်နေတာ မြင်ခဲ့တယ်၊ ဒါပေမဲ့ အသက်တစ်ချောင်းလွတ်ရာလွတ်ကြောင်း ကျွန်တော်တို့ မိသားစုတစ်စုလုံး ထွက်ပြေးခဲ့ကြရပါတယ်၊ ကျွန်တော့်မှာပါသွားတဲ့ စပါးကျီဆိုရင် စပါး ၅၀၀ လောက်ရှိတယ်၊ ရွာထဲက အကူအညီလိုတဲ့သူတွေဆိုရင် ကျွန်တော်တို့ အမြဲကူညီနေကြပါ၊ စပါးကျီမီးလောင်နေတာတောင် မနေ့ကပဲ မီးငြိမ်းတယ်၊ ကျန်တာဆိုလို့ လယ်ထွန်စက် ၂ လုံးပဲကျန်တယ်၊ တခြားဘာမှ မရှိတော့ဘူး၊ အိမ်ကတော့ ရစရာကို မရှိတော့တာ၊ ဒီလောက်ထိဖြစ်သွားတော့ အိမ်ကိုပြန်ဆောက်ဖို့ကလည်း မလွယ်တော့ပါဘူး၊ အကူအညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်တို့မှာ အရမ်းကို ဒုက္ခရောက်နေကြပါပြီ” ဟု ဦးထွန်းတင်က ပြောသည်။
လက်ရှိအချိန်တွင် သေဆုံးသွားသည့် ဆင်အင်းကြီးရွာသား ၉ဦးနှင့် ရသေ့တောင်နယ်မှ ဆေးလာကုပေးနေသည့် ဆေးသမားတစ်ဦးအား ရည်စူး၍ အလှူလုပ်ရန်ပြန်ဆင်နေကြသော်လည်း စစ်တွေ – ပုဏ္ဏားကျွန်း ကားလမ်းကို မဖွင့်သေးသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များ ဘုန်းတော်ကြီးများမှာ မလာရောက်နိုင်ကြသေးသာကြောင့် အလှူရက်ကို မသတ်မှတ်နိုင်သေးကြောင်း ရွာသားတစ်ဦးမှ ပြောသည်။
“အလှူပေးမယ်လို့ စီစဉ်ကြတာပေါ့ ဒါပေမယ့် သေသွားသူတွေရဲ့မိသားစုဝင်တွေ ဆရာတော်ကြီးတွေကို ပင့်ဖို့က လမ်းပွင့်မှဖြစ်မှာ ၊ စစ်တွေလမ်းကလည်း ခုထိမဖွင့်သေးဘူး၊ ဘယ်နေ့အလှူပေးမယ်ဆိုတာတောင် မဆုံးဖြတ်ရသေးပါဘူး၊ အပစ်အခတ်လည်းရပ်စဲလိုက်ကြပြီဆိုတော့ လမ်းတွေကို မြန်မြန်ဖွင့်ပေးစေချင်ပါတယ်၊ ဒါမှ သေသွားသူတွေအတွက် အလှူလုပ်လို့ ရမှာပါ” ဟု ၎င်းကဆိုသည်။
ဆင်အင်းကြီးရွာသားများမှာ မိသားစုများ သတ်ဖြတ်ခံလိုက်ရခြင်း၊ နေအိမ်များ မီးရှို့ခံလိုက်ရခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ခြင်း ဒဏ်များကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများပါ ခံစားနေကြရသည်ကို ABN သတင်းဌာနမှ သတင်းထောက်များ မျက်မြင် ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။


















