ဆင်အင်းကြီးရွာတွင် စစ်ကောင်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့ရသည့် အသက် ၈၇ နှစ် အရွယ် အဘွားအိုတစ်ဦးအပါအဝင် သေဆုံးသူ ၉ ဦးအားရည်စူး၍ ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့က အလှူပေးကုသိုလ်ကောင်းမှုလုပ်ကာ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အလှူပွဲကို ဘုန်းတော်ကြီး ၂၆ ပါးအား ပင့်ဖိတ်ပြီး ရွာသူရွာသားများ စုပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“မနေ့ကတော့ ရေစက်ချ၊အမျှဝေတယ်၊ ပြီးတော့ ရွာကို ပရိတ်တရားတော်နှင့် ကမ္မဝါစာဖတ်တာတွေကို ဆရာတော် ၂၆ ပါးပင့်ပြီးတော့ လုပ်ခဲ့ပါတယ်” ဟု ဆင်အင်းကြီးရွာသားတစ်ဦးက ABN သို့ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရွာလုံးကျွတ် ဆွမ်းကျွေးအလှူပြုလုပ်နေပြီး သေဆုံးသွားခဲ့ရသူများအား အမျှအတန်းပေးဝေကြကြောင်း ရွာသားများကပြောသည်။
ထို့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်မှ ဝင်ရောက်ပစ်သတ်ခဲ့စဉ် လေဖြတ်ဝေဒနာခံစားနေရသည့် အသက် ၉၀ အရွယ် ဦးမောင်သိန်းထွန်းမှာ အိမ်တွင်ကျန်ရစ်နေခဲ့ရရာ အစာရေစာပြတ်လပ်၍ နိုဝင်ဘာလ ၁၁ ရက်နေ့က သေဆုံးသွားခဲ့ရကြောင်း ရွာသားများကပြောသည်။
ဆင်အင်းကြီးရွာမှ လူနေအိမ် ၉ အိမ်မှာလည်း နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြာကျခဲ့ရပြီး အိမ်ရှင်များမှာ ပြန်လည် ဆောက်လုပ်ရန် အကူအညီများ လိုအပ်လျက်ရှိကြောင်း ABN က ကွင်းဆင်း သတင်းရယူစဥ် သိခဲ့ရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီက ပိတ်ထားသည့် စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့သည်။




