Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် ရက္ခိုင်မှ သတင်းထောက်များအား အရေးပေါ်အကူညီပေး ရန်လိုအပ်နေ

ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် ရက္ခိုင်မှ သတင်းထောက်များအား အရေးပေါ်အကူညီပေး ရန်လိုအပ်နေ

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး၊ တိုက်ပွဲ စဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ စစ်ကောင်စီက ကုန်းလမ်း ရေလမ်းဆက်သွယ်ရေးများကို ပိတ်ဆို့ ဖြတ်တောက်ထားပြီး ၂၀၂၄ ဇန်နဝါရီလ ၁၈ ရက်နေ့မှစကာ ဖုန်းလိုင်း အင်တာနက်လိုင်း ဆက်သွယ်ရေးများကိုပါ ဖြတ်တောက်ထားလိုက်သည်။

ထိုသို့ ဖုန်း၊ အင်တာနက်ဆက်သွယ်ရေးများဖြတ်တောက်လိုက်သောကြောင့် ရက္ခိုင်ရှိ သတင်းထောက်များနှင့် အလွတ်တန်းသတင်းထောက်များမှာ မြေပြင်မှ သတင်းအချက်အလက်များ ရရှိသည့်တိုင်အောင် သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်းများကို ပေးပို့နိုင်ရန် အခက်တွေ့လျှက်ရှိနေကြသည်။

စစ်ကောင်စီက ရက္ခိုင်ပြည်ရှိ ပြည်သူများကို သတင်းအမှောင်ချခဲ့ခြင်းအတူ သတင်းသမားအချို့မှာလည်း သတင်းများ မရေးနိုင်သကဲ့သို့ ဘဝရပ်တည်ရေးနှင့် သတင်းအလုပ်များကို ဆက်လက်လုပ်ကိုင်ရန် အခက်ကြုံနေရကြောင်း ရက္ခိုင့်ဝါရင့်သတင်းသမား ၁ဦးက AB News သို့ပြောကြားသည်။

“ကျနော်တို့ သတင်းသမားတွေဆိုတာ ဒီသတင်းရေးတဲ့ အလုပ်နဲ့ အသက်မွေးနေသူတွေ ဖြစ်တယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်သွားတဲ့ အချိန်က စပြီးတော့ သတင်းတွေ မရေးသားနိုင်တော့ဘူး။ သတင်း မရေးရတော့ ဝင်ငွေ ပြတ်သွားပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် အခက်ကြုံနေရတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ သတင်းဌာနများမှ သတင်းထောက်များကို ဖမ်းဝရမ်းထုတ်ပြီး ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် နေ့စဉ်ရက်ဆက် ဖမ်းဆီးအရေးယူရန် ဖော်ပြနေသည်ကို တွေ့ရသည်။
ရက္ခိုင်ရှိ သတင်းထောက်များမှာ သတင်းများကို လွတ်လပ်စွာ မရယူနိုင်သည့်အပြင် အာဏာသိမ်းစစ်တပ်က သတင်းထောက်အချို့ကို ဖမ်းဆီးပြီး အချုပ်ချထားသည်များလည်း ရှိနေသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် ရက္ခိုင်အခြေစိုက်သတင်းဌာနဖြစ်သည့် DMG မှ ကိုထက်အောင်ကို ဖမ်းဆီးခဲ့ပြီး Myanmar Now သတင်းမှ ကိုစိုင်းဇော်သိုက်ကို စစ်တွေမြို့၌ ဖမ်းဆီးကာ စက်တင်ဘာလ ၆ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

ထို့အပြင် အမ်းမြို့မှ အလွတ်တမ်း သတင်းထောက်ဟောင်း တစ်ဦးဖြစ်သည့် ကိုဇော်မှာလည်း ရက္ခိုင်တိုက်ပွဲ ပထမအတွင်း ၎င်း၏ နေအိမ်သို့ လာရောက်ကာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

ယခင် NLD အစိုးရ လက်ထက်တွင်လည်း ရက္ခိုင်မှ သတင်းထောက်များ တရားစွဲခံခဲ့ရပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်တွင် သတင်းသမားများ၏ လုံခြုံရေးနှင့် ဘဝရပ်တည်ရေးပါ ပျောက်ဆုံးခဲ့ကြောင်း Border News Agency ၏ အယ်ဒီတာချုပ် ကောင်းမြတ်နိုင်က AB News သို့ ပြောကြားသည်။

“NLD လက်ထက်ကတည်းက ရက္ခိုင်သတင်းဌာနတွေ၊ သတင်းထောက်တွေ တရားစွဲခံနေခဲ့ရတာပါ။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတာပေါ့။ ရက္ခိုင်မှာ စစ်ဖြစ်လာတော့ ရက္ခိုင်သတင်းဌာနတွေအားလုံးကို စစ်တပ်က ဖမ်းဆီးဖို့လိုက်ရှာတော့ အကုန်လုံးရှောင်နေကြရပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်လိုက်တော့ ဘာမှလုပ်လို့ မရဘူးဖြစ်သွားတယ်။ ဒါတွေကို နိုင်ငံတကာအသိုင်းက ကူညီပေးစေချင်ပါတယ်။

ရက္ခိုင့်စစ်ပွဲအတွင်း မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အချိန်နှင့် တပြေးညီ ‌ရေးသား၊ ဖော်ပြနိုင်ရန်အတွက် ရက္ခိုင်မှ သတင်းဌာနများနှင့် သတင်းထောက်များအား အကူအညီပေးဖိုလိုအပ်နေကြောင်း Border News Agency ၏ အယ်ဒီတာချုပ်က ပြောသည်။

“ရက္ခိုင်စစ်ပွဲမှာ မြေပြင်အခြေအနေတွေကို အချိန်နဲ့ တပြေးညီ သိနိုင်စေဖို့ ရက္ခိုင်သတင်းဌာနတွေ၊ သတင်းသမားတွေကို အကူအညီပေးဖို့လိုအပ်နေပါတယ်။ အဓိကတော့ အင်တာနက်လိုင်းရရှိဖို့ရယ်။ အလုပ်လုပ်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေကြတာပါ” ဆိုသည်။

ရက္ခိုင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သောကြောင့် သတင်းများ ရေးသား၊ တင်ဆက်နိုင်ရန် ပြည်ပနိုင်ငံများသို့ ထွက်ခွာခဲ့သည့် သတင်းသမားများမှာလည်း နိုင်ငံတကာ၏ အကူအညီများလိုအပ်နေကြောင်း Arakan Bay News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုထွန်းသာက ပြောဆိုသည်။

“ကျနော်တို့ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာကြောင့် ပြည်ပနိုင်ငံကို ထွက်ခွာခဲ့ရပါတယ်။ တစ်ဖက်နိုင်ငံရောက်တော့လည်း ဘာအထောက်အထားမှလည်းမရှိ‌တော့ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ ပြီးတော့ နိုင်ငံတကာက အကူအညီရနိုင်မယ်လို့ ယူဆတဲ့အဖွဲ့အစည်းတွေကို အကူအညီတောင်းထားပေမယ့်လည်း ၂ပတ်နီးပါး ကြာလာသည့်တိုင် ဘာအကူအညီမှ မရသေးဘူး။ ကျနော်တို့ အရမ်းအခက်အခဲဖြစ်နေပါတယ်” ဟု ဆိုသည်။

ထို့အပြင် ရက္ခိုင်ရှိ သတင်းဌာနများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာခဲ့ကြရပြီး၊ ပြည်ပနိုင်ငံတွင် အခြေစိုက်ကာ သတင်းအလုပ်များကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်ပကို ထွက်ခွာလာရာမှာ တိုက်ပွဲကြားထဲက ဖြတ်သန်းလာရတဲ့အတွက် သတင်းထောက်နဲ့ ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေ မယူနိုင်ခဲ့ဘူး။ သတင်းဆက်လက်တင်ဆက်နိုင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်” ဟု ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့က ရက္ခိုင်ပြည်အခြေစိုက် သတင်းဌာနများကို တိုက်ခိုက်လာမှုများ၊ ဖမ်ဆီးရန် ကြိုးပမ်းများကြောင့် သတင်းဌာနများကို ပြောင်းရွေ့အခြေစိုက်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့သည် ပြည်သူများကို ဖမ်းဆီးပြီး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ ချုပ်နှောင်ထားသည့်အပြင် ချုပ်နှောင်ထားသူများအားလည်း သေနတ်ဖြင့် ပစ်သတ် အလောင်းဖျောက်မှုများကိုပါ ကျူးလွန်နေသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ