Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စေတီပြင်စစ်ဘေးရှောင်စခန်းတွင်ရေရှားပါးလာသည့်အတွက် စစ်ဘေးရှောင်များနှင့် ရွာသားများထံမှ အလှူငွေကောက်ခံ၍အသုံးပြုနေရ

ABN-ကိုဟိန်းထွန်း

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေပြတ်လတ်မှုကြောင့် စစ်ဘေးရှောင်များ နှင့် ရွာသားများထံမှ အလှူငွေကောက်ခံ၍ ​ရေရရှိရေးအတွက်အသုံးပြုနေရသည်ဟု သိရှိရသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေခန်းခြောက်သွားသည့်အတွက် ၎င်းစခန်းနှင့်အနီးစပ်ဆုံးဖြစ်သော ရွာဦးရေကန်မှ ရေကို မော်တာရေစုပ် စက်ဖြင့် စုပ်တင်ပြီး စစ်ဘေးရှောင်စခန်းသို့ တင်ပေးနေရပြီး ကုန်ကျစရိတ်များကို တစ်အိမ်ကိုတစ်ထောင်ကျစီ အလှူငွေများကောက်ခံ၍ ရေရရှိရန် လုပ်ဆောင်နေရသည်ဟု စခန်းတာဝန်ခံ အောင်မင်းစိုးမှ ABN ကိုပြောသည်။

“ကျွန်တော်တို့စခန်းကရေက ခန့်ခြောက်သွားပါပြီ၊ ရေကလုံးဝပြတ်သွားတာပါ၊ ဒါ​ကြောင့် အနီးအနားမှာရှိတဲ့ ရွာဦးရေကန်ကနေပြီးစက်နဲ့စုပ်တင်နေပါတယ်၊ တစ်အိမ်ကိုတစ်ထောင်ကျစီ ကောက်ခံပါတယ်၊ ရတဲ့ပိုက်ဆံနဲ့ ရေရရှိအောင်ကြိုးစားလုပ်ဆောင် နေပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များနှင့် ရွာသားများထံမှ ကောက်ခံရရှိသော ကျပ်ငွေ စုစုပေါင်း ၂၀၀၀၀ဝ ကျပ်ရရှိ၍ နောက်ထပ်လည်းကောက်ခံနေသေးကြောင်းသိရှိရသည်။

အဆိုပါစခန်းတွင်စစ်ဘေးရှောင်များအတွက် သောက်သုံးရေရရှိရန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရေရှားပါးသည့်ရွာကိုစာရင်းတင်နိုင်ကြောင်း နှင့် ၎င်းတို့မှ ၁ရက်ကို စက်သုံးဆီ ၁၅ ဂါလံနူန်းဖြင့် ၂လစာအတွက် မြို့နယ်ကိုစာတင်ထားသော်လည်း မြို့နယ်မှ တစ်ရက်ကို ၁၀ ဂါလံနှုန်းဖြင့်တင်ပေးမည်ဟု ကျေးရွာဥက္ကဌထံမှ သိရှိရသည်ဟု ၎င်းမှပြောသည်။

“ရေရှားပါးသည့်ရွာကိုစာရင်းတင်နိုင်တယ်လို့ အုပ်ချုပ်ရေးမှုး နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်၊ သူတို့က ၁ရက်ကို ဆီ ၁၅ဂါလံနှုန်းဖြင့် တင်ပေးမယ်လို့ မြို့နယ်ကိုစာတင်ပါတယ်၊ ဒါပေမယ့် မြို့နယ်ကတော့ တစ်ရက်ကို ၁၀ ဂါလံ ပေးမယ်လို့ ဥက္ကဌဆီက သိရှိရပါတယ် ၊ခုတော့ဘာမှအကြောင်းမပြန်သေးပါဘူး” ဟု ဆိုသည်။

၎င်းစခန်း၌ စစ်ဘေးရှောင်ဦးရေ အိမ်ထောင်စုမှာ ၃၁၃ စုရှိပြီး၊ လူဦးရေ ၁၃၃၁ ဦးရှိကြောင်းသိရသည်။

စစ်ဘေးရှောင်စခန်းအနီးရှိ စေတီပြင်ရွာရှိ ရေကန်မှ ရေမှာလည်း ခမ်းခြောက်သွားနိုင်ဖွယ်ရှိနေကြောင်း စခန်းတာဝန်ခံကဆက်ပြောသည်။

“နှစ်စဥ်နှစ်တိုင်းကတော့ ကျွန်တော်တို့ရွာနဲ့ကျွန်တော်တို့ ရေမလုံလောက်လို့ ရေကန်တွေတူးဖော်ပြီးနေလာခဲ့ပါတယ်၊ စစ်ဘေးရှောင်ဦးရေတိုးလာတဲ့အခါကျတော့ ရေအခက်အခဲဖြစ်လာတာပါ၊ စခန်းအနီးရှိ ရေကန်ကိုသုံးလိုက်မယ်ဆိုရင် လကုန်တာနဲ့ တစ်ရွာလုံးခန်းခြောက် သွားမှာပါဟု ဆိုသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းသည် ၂ဝ၁၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ