ABN-ရာဟု
ဇူလိုင် ၂၇ ရက်
ရခိုင်ပြည် စစ်တွေမြို့ အ.ထ.က -၁ စစ်တွေ Grate-11 အခန်းAတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား မောင်ပြည့်ဖြိုးကျော်ကို ဇူလိုင်လ ၂၆ရက်နေ့က ကျောင်းရှိ ဆရာတစ်ဦးမှ ကျောင်းသားများရှေ့တွင် လူမဆန်စွာ ရိုက်နှက်သတ်ပုတ်ကာ ပြောဆိုခြိမ်းခြောက်မှုများဖြစ်ပွားခဲ့ခြင်းအပေါ် တရားမျှတမှု ရရှိအောင် ပြန်လည်ဆောင်ရွက်ပေးရန် အခြေခံကျောင်းသားသမဂ္ဂ(စစ်တွေ)က တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။
အ.ထ.က-၁ စစ်တွေ အခန်းAတွင် မောင်ပြည့်ဖြိုးကျော်နှင့် ကျောင်းသားကျောင်းသူများ လပတ်စာမေးပွဲ ဖြေဆိုနေချိန်တွင် ဆရာဦးဇေယျာထွန်းဆိုသူက မောင်ပြည့်ဖြိုးကျော် အနားရောက်လာပြီး ဆံပင်ကိုဆွဲယူကာ လက်ဝါးဖြင့်နားထင်ကို အကြိမ်ကြိမ်ရိုက်နှက်ခဲ့သလို စာရေးခုံပေါ်သို့ဦးခေါင်းကို ဆွဲဆောင့်ခြင်း၊ ကျောင်းနံရံတွင်ဦးခေါင်းကိုထုပြကာ နားရွက်ကိုဆွဲပြီး “မင်းငါ့ကိုဘာအကောင်ထင်လဲ၊ ငါ့အကြောင်းကိုစုံစမ်းကြည့်လိုက်၊ တခြားကျောင်းသားတွေပါ ကြည့်ထားကြ” ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဆရာဦးဇေယျာထွန်း၏ ခြိမ်ခြောက်ပြောဆိုရိုက်နှက်မှုများကြောင့် ကျောင်းသားကျောင်သူများမှာ ကြောက်လန့်ကာ စာမေးပွဲဖြေဆိုချိန်မှာပင် ကြောက်စိတ်ဝင်ကာ မဖြေဆိုနိုင်ဘဲဖြစ်သွားရသည်ဟု အမည်မဖော်လိုသည့် ကျောင်းသူတစ်ဦးက ပြောဆိုသည်။
“ကြောက်စရာကြီး၊ ဆရာနဲ့လည်းမတူဘူး ရိုက်နှက်တာ ၊ဦးခေါင်းကိုလည်း ခုံတွေ နံရံတွေပေါ်ဆောင့်ပစ်တာ၊ ကျောင်းသားတွေကိုလည်း ကြည့်ထားကြလို ့ခြိမ်းခြောက်သွားတယ်၊ စာတောင်ကြောက်လ်ို့ မဖြေနိုင်ခဲ့ဘူး “ဟု ပြောသည်။
အခြေခြံကျောင်သားသမဂ္ဂ-စစ်တွေက ယခုလုပ်ရပ်ကို ( န.ဝ.တ-န.အ.ဖ)ခေတ် ၏ ယုတ်ညံ့သော စွမ်းအားရှင် အဖွဲ့လုပ်ရပ်ဟု ပြောဆိုခဲ့ကာ ဆရာကျင့်ဝတ်များနှင့်မညီဘဲ လူမိုက်ဆန်ဆန် ရိုက်နှက်သတ်ပုတ်ခြိမ်းခြောက်ပြောဆိုခဲ့သည့် ဆရာဦးဇေယျာထွန်းကို တရားမျှတမှုရရှိအောင် ထိရောက်စွာ အရေးယူဆောင်ရွက် ပေးရန် အ.ထ.က- ၁ စစ်တွေ တာဝန်ရှိသူများထံ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။