Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အာဏာရှင်ဒေါက်တိုင်အဖြစ်မခံလို၍ ရခိုင်က ALD ပါတီ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမဝင်ရန်ဆုံးဖြတ်

စစ်အာဏာရှင်ဒေါက်တိုင်အဖြစ်မခံလို၍ ရခိုင်က ALD ပါတီ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမဝင်ရန်ဆုံးဖြတ်

(ရွေးကောက်ပွဲဝင်ရင် အာဏာရှင် ဒေါက်တိုင်ဖြစ်သွားမယ်)

Arakan Bay News-ABN

ရခိုင်က အင်အားကြီးပါတီ တစ်ခုအပါအဝင်ဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ALD ပါတီသည် စစ်အာဏာရှင်ဒေါက်တိုင်အဖြစ်မခံလို၍ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း စနေနေ့က ကျောက်ဖြူတွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ABN ကိုပြောသည်။

ထိုဗဟိုကော်မတီအစည်းအဝေးသို့ ရခိုင်ပြည် မြို့နယ် ၁၀ ခုမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောသည်။

“မနေ့က ဗဟိုကော်မတီတွေပါဝင်တဲ့ အစည်းအဝေးမှာ ပါတီမှတ်ပုံတင်ဖို့ မတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မြို့နယ် ၁၀ မြို့နယ်က ပါတီကိုယ်စားလှယ်တွေက ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲ မဝင်ဆိုပြီးတော့ တညီတညွတ်တည်း သဘောထားမှတ်ချက် ပေးခဲ့ကြပါတယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ရန် မှတ်ပုံမတင်ခြင်းမှာ မည်သည့်အာဏာရှင်နဲ့မှ မပူးပေါင်းရေးမူဝါဒနှင့် အာဏာရှင်၏ ဒေါက်တာ အဖြစ် မခံလို၍ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပါတီရဲ့ဆန္ဒက မှတ်ပုံမတင် ရွေးကောက်ပွဲမဝင်၊ သူတို့အလုပ်သူတို့ ဆက်လုပ်လိမ့်မယ်၊ ငါတို့က အဲဒါကို (ပါတီမှတ်ပုံမတင်ထားလျှင် ဖျက်သိမ်းရမည်ဟု ကန့်သတ်ချက်ရှိထား) ဂရုစိုက်စရာလည်းမလို၊ မည်သည့်အာဏာရှင်နဲ့မှ မပူးပေါင်းလို့ ပြောထားတာ။ အာဏာရှင်က အာဏာရှင်တွေရဲ့အလုပ်ကို လုပ်လိမ့်မယ်၊ ငါတို့ကလည်း ငါတို့အလုပ်ကို ငါတို့လုပ်တယ်။ ရွေးကောက်ပွဲဝင်လိုက်ရင် အာဏာရှင် ဒေါက်တိုင်ဖြစ်သွားမယ်” ဟု ဆက်ပြောသည်။

Arakan League for Democracy ပါတီ၏ ဥက္ကဌဖြစ်သူ ဦးကျော်မြင့်မှာ ကျန်းမရေးမကောင်း၍ ယမန်နေ့က ကျောက်ဖြူတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ALD ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။

ထို့အပြင် ရခိုင်က ရခိုင်က ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့မှာလည်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ရသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်