Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီက ဝါဒဖြန့် လက်ကမ်းစာစောင်များလာဖြန့်

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၇ ရက်

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များထံသို့ နေရပ်ပြန်ရန် စစ်ကောင်စီက ဝါဒဖြန့် လက်ကမ်းစာစောင်များလာဖြန့်ပေးနေကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းကို ယနေ့ မနက်က စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးလာရောက်ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဝါဒဖြန့်လက်ကမ်းစာစောင်များ ပေးသွားကြောင်း သိရသည်။

၎င်းတို့သည် ယနေ့ မနက် ၁၀ နာရီတွင် ရောက်ရှိလာကြပြီး ရပ်ရွာသို့ ပြန်နိုင်ရန်အတွက် စာလာပေးကြောင်း မြောက်ဦး မြို့ဦးဂေါင်း စစ်ဘေးရှောင် တစ်ဦးက ABN သို့ ပြောသည်။

“၁၀ နာရီလောက်မှာပါ ၊ လူနှစ်ယောက်လာပြီး စာပေးသွားပါတယ်၊ ရပ်ရွာကိုပြန်မယ့်စာဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုစစ်ဘေးရှောင်စခန်းသို့ ယခင်ကလည်း ဝါဒဖြန့်စာများ​ ၂ ကြိမ်ထက်မနည်းပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းများပိတ်သိမ်းရေး စကစ ဝါဒဖြန့်စာ ရောက်ရှိလာခဲ့သည့်အတွက် စစ်ဘေးရှောင်များအခက်တွေ့နေရပြီး၊ စစ်ပွဲဖြစ်လာလျှင် ဒုက္ခရောက်မည်ကို စိုးရိမ်နေကြရကြောင်း ပြောသည်။

“အခုလိုစာရောက်လာတော့ စစ်ဘေးရှောင်တွေ အခက်တွေ့ရတာပေါ့၊ စစ်ပွဲဖြစ်လာရင် ဘယ်ကို ပြေးရမလဲ၊ မပြန်ရဲဘူး၊ အခုကြားနေရတဲ့သတင်းကလည်း ဘယ်နေ့တိုက်ပွဲ ထဖြစ်မလဲဆိုတာ မသေချာဘူး” ဟု ဆိုသည်။

စစ်ကောင်စီသည် ရခိုင်ရှိစစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဖိအားပေး ခိုင်းစေမှုများရှိနေပြီး၊ နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးများ ပြောင်းရွှေ့နေသည့်အတွက်ကြောင့် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်လာနိုင်ခြေရှိနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

စက်တင်ဘာလအတွင်း စကစတပ်သည် ရခိုင်ရှိမြို့နယ် အနှံ့​အပြားသို့ ၎င်း၏တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားလာခြင်း၊ ရိက္ခါများကို ဖြတ်တောက်ရန် ကြိုးစားလာခြင်း၊ လက်နက်ခဲယမ်းများကို စစ်​ကားများဖြင့် သယ်ယူပို့ဆောင်နေသည့်အတွက် တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။

စစ်ကောင်စီမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်စာများပို့ပေးသည်ကို တိတိ ကျကျမသိရှိရဘဲ စစ်ခန်းထဲရှိ စစ်ဘေးရှောင်များလည်း ပြန်နိုင်မည်မဟုတ်သည့်အပြင် တိုက်ပွဲ တစ်စုံတစ်ရာဖြစ်လာလျှင် တာဝန်ယူပေးနိုင်မည်မထင်မိကြောင်း စစ်ဘေးရှောင်များ ပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ