Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ပုန်ကန်မှုအပါအဝင် ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အမှု တရားလိုဘက်မှ ရုံးချိန်း ထပ်မံပျက်ကွက်

ABN- မေအိအိအောင်

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နှင့်စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင် အမှုတွင် တရားလိုဘက်မှ ရုံးချိန်းထပ်မံပျက်ကွက်ကြောင်း မိသားစု၀င်များပြောပြချက်အရသိရသည်။

ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အမှု ကို ယနေ့ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ထပ်ပြီးရုံးချိန်းခေါ်ဆိုခဲ့သော်လည်း တရားလိုဘက်မှ ထပ်မံမရောက်လာသည့်အတွက် အမှုကို စစ်ဆေးခြင်းမပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နယ် ၊ကာဒီ(သဇင်)ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ဦးလှမောင်သန်းအား ဒီဇင်ဘာလ ၁၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှု ၁၇(၁)နှင့်တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၁၃၁ ဖြင့်ထပ်တိုး တရားစွဲဆိုခဲ့သည်။

ဆန်စက်ပိုင်ရှင်အား ယင်းပုဒ်မ နှစ်ခုဖြင့် ယနေ့ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ၅ကြိမ်မြောက် ရုံးချိန်းခေါ်ခဲ့သော်လည်း တရားလိုဘက်မှ ရုံးချိန်း ၅ ကြိမ်တိုင်တိုင် မရောက်လာကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ABN ကိုပြောသည်။

“ဒီနေ့က ရုံးချိန်း ၅ ကြိမ်မြောက်ပါ ။ တရားလိုဘက်က ဒီနေ့လည်းရောက်မလာပါဘူး။ ရုံးချိန်းကိုတော့ ၁၂ နာရီမှာ စပါတယ် ။ တရားလို‌မရောက်တဲ့အတွက် ၅ မိနစ်၊ ၁၀ မိနစ်လောက်ကြာတော့ သူ့ကို ပြန်ခေါ်သွားပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ တို့ဖြင့် အသီးသီးတရားစွဲဆိုထားလျက်ရှိပြီး ရုံးချိန်းထုတ်သည့်အကြိမ်အရေအတွက်မှာ ၁၀ ကြိမ်နီးပါးခန့်စီ ရှိလာကြပြီဖြစ်သော်လည်း တရားလို စစ်ကောင်စီဘက်မှ ရုံးချိန်းမတက်ရောက်သည့်အမှုများစွာရှိနေသည်။

စစ်ပုန်ကန်မှုအပါအဝင် ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အမှု တရားလိုဘက်မှ ရုံးချိန်း ထပ်မံပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ