Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ပုန်ကန်မှုဖြင့် တရားစွဲခံထားရသည့် ဆန်စက်ပိုင်ရှင်အား အပြစ်မရှိလျှင် ပြန်လွှတ်ပေးလိုကြောင်း မိသားစုတောင်းဆို

စစ်ပုန်ကန်မှုဖြင့် တရားစွဲခံထားရသည့် ဆန်စက်ပိုင်ရှင်အား အပြစ်မရှိလျှင် ပြန်လွှတ်ပေးလိုကြောင်း မိသားစုတောင်းဆို

ABN-မေအိအိအောင်

စစ်ပုန်ကန်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီ(သဇင်)ရွာမှ ဆန်စက်ပိုင်ရှင်အား စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်က ထပ်မံပျက်ကွက်ခဲ့ပြီး၊ အပြစ်မရှိလျှင်လည်း ပြန်လွှတ်ပေးစေလိုကြောင်း ဇနိီးဖြစ်သူက တောင်းဆိုလိုက်သည်။

ယနေ့ မတ်လ ၁၅ ရက်နေ့က ၈ ကြိမ်မြောက်ရုံးချိန်းတွင်လည်း စစ်ကောင်စီတရားလို ကားပျက်၍ မရောက်လာကြောင်းနှင့် ယခုကဲ့သို့ အကြောင်းအမျိုးမျိုးပေးကာ ရုံးချိန်းရွေ့ဆိုင်းနေခြင်းသည် ဒုက္ခပေးသလိုဖြစ်နေပြီး ထိုသို့လုပ်နေ့မည့်အစား အပြစ်ရှိလျှင်အပြစ်ပေးစေလိုကြောင်းနှင့် အပြစ်မရှိလျှင်လည်း ပြန်လွှတ်ပေးလိုကြောင်း ဇနီးဖြစ်သူက ABN ကိုပြောသည်။

“ဒီနေ့ ရုံးချိန်းပါ။ ၈ ကြိမ်မြောက်ပါ။ တရားလိုတွေက လမ်းမှာ ကားပျက်သွားလို့ မရောက်တော့ဘူးတဲ့။ နောက်အပတ် ၂၉ ရက်နေ့ကိုရုံးချိန်းလိုက်ပါတယ်။ ခုလို ရုံးချိန်းရောက်တိုင်း အကြောင်းအမျိုးမျိုးပြနေတာဟာ ကျွန်မတို့ကို ဒုက္ခပေးနေသလိုပါပဲ။ အဲ့လိုလုပ်နေမယ့်အစား အပြစ်ရှိရင် အပြစ်ပေးပြီး အပြစ်မရှိဘူးဆိုလည်း ပြန်လွှတ်ပေးဖို့ ပြောလိုပါတယ်” ဟု သူမ ကပြောသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ စစ်ကောင်စီက တရားလိုလုပ်ကာ တရားစွဲဆိုခံထားရသည်မှာ ၆ လရှိပြီဖြစ်ကာ လက်ရှိတွင် ရုံးချိန်းအကြိမ်ကြိမ်ရွေ့ဆိုင်းမှုများကြုံနေရသောကြောင့် အမှုကြန့်ကြာနေရသည်။

ဦးလှမောင်သန်းမှာ စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရကာ ရုံးချိန်း ၈ ကြိမ်တိုင်တရားလိုမရောက်လာဘဲ ရုံးချိန်းထပ်ခါထပ်ခါ ရွေ့ဆိုင်းခြင်းနှင့် ရင်ဆိုင်နေရသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်။

အလားတူ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ကောင်စီက ဖမ်းဆီးထားသော အရပ်သားပြည်သူ ၆၀ အထဲမှ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူ ၁၃ ဦး ကို ယနေ့ မတ် ၁၅ ရက်နေ့မနက်က ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုမရောက်၍ ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ