Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ရွှေမင်းဂံဆိပ်တွင် ဘုတ်ပြင်ရန် ရေဆင်းငုတ်သည့် ဘုတ်ပိုင်ရှင် ရေနစ်မြုပ်ပျောက်ဆုံးနေ

ABN – သူရမောင်

စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းတွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ဘုတ်ပြင်ရန် ရေထဲဆင်းငုတ်သည့် ဘုတ်ပိုင်ရှင် ရေနစ်မြုပ် ပျောက်ဆုံးသွားကြောင်း သိရသည်။

ပျောက်ဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ လံပျောက်ရွာမှ ဦးကျော်တင်အောင် အသက် ၃၁နှစ် ဖြစ်ပြီး အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်က ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ဦးကျော်တင်အောင်မှာ ဘုတ်ပိုင်ရှင်ဖြစ်ပြီး ဘုတ်ပြင်ရန်ရေထဲဆင်းငုတ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မေတ္တာ‌ရောင်ခြည် လူမှုကူညီရေးဖောင်ဒေရှင်းမှ ဘဏ္ဍာရေးမှူက ABN ကိုပြောသည်။

“သူက ဘုတ်ပိုင်ရှင်ပါ၊ စစ်‌တွေကို ဝန်လာပို့တာပါ၊ ဝန်တင်လို့ပြီးတော့ မြေပုံဖက်ကို သွားမယ်ဆိုပြီး လုပ်ပါတယ်၊ အဲဒီအချိန်မှာပဲ ဘုတ်က ရေဝင်တယ်ဆိုပြီး ညပိုင်း ၆ နာရီလောက်မှာ ဘုတ်ဖာဖို့ ဆင်းသွားခဲ့တာပါ” ဟု ပြောသည်။

ထိုဘုတ် (ရေယာဥ်) တွင် လူ၄ ဦးပါရှိပြီး စကားပြောနေကြစဉ် ဘုတ်ရေဝင်လာသဖြင့် ဘုတ်ဖာရန်ဆင်းရာ အဖွဲ့သားများက တားခဲ့ကြသော်လည်း ရေထဲဆင်းသွားခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့မှာက လူ ၄ ယောက်ပါပါတယ်၊ သူတို့တွေ စကားပြောနေတုန်းမှာပဲ ဘုတ်ကရေဝင်လာတယ်၊ အဖွဲ့သားတွေက နေဝင်နေပြီ၊ မိုးလင်းမှ ဖာတော့လို့ပြောတော့ ဘာမှမဖြစ်ပါဘူး၊ ရတယ်ဆိုပြီး ဆင်းသွားတာပါ၊ အဲအချိန်ကစပြီး မပေါ်လာတော့ပါဘူး” ဟုပြောသည်။

ယမန်နေ့က မေတ္တာရောင်ခြည်ဖောင်ဒေရှင်းသို့ မိသားစုမှ ဆက်သွယ်လာပြီး အကူအညီတောင်းလာသဖြင့် ယမန်နေ့ကလည်း ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ဆက်ပြောသည်။

“မနေ့က နေ့လည် ၂ နာရီလောက်က ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်၊ ပျောက်သွားလို့ ရှာပေးပါအုံးဆိုပြီး ပြောလာပါတယ်၊ ကျွန်တော်တို့ မနေ့ကလည်း ရှာပြီးပါပြီး မတွေ့ခဲ့ပါဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင်လည်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေ ရွှေမင်းဂံဆိပ်တွင် ဘုတ်ပြင်ရန် ရေဆင်းငုတ်သည့် ဘုတ်ပိုင်ရှင် ရေနစ်မြုပ်ပျောက်ဆုံးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ