Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ မြစ်ထဲတွင် အရပ်သားပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီရေတပ်နေဗီက ဖမ်းဆီး

စစ်တွေ မြစ်ထဲတွင် အရပ်သားပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီရေတပ်နေဗီက ဖမ်းဆီး

AB News – ဒီဇင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှ ပေါက်တောနယ်သို့ လာသည့် အရပ်သားပြည်သူ ၁၀ ဦးကျော်ကို ရဖီးချပ်တောင်အနီး စကစရေတပ်နေဗီက ဖမ်းဆီးသွားခဲ့ကြောင်း AB News မှစုံစမ်းသိရှိရသည်။

ဖမ်းဆီးခြင်းခံရသူများထဲတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုး ၈ ဦးထက်မနည်း ပါရှိကြောင်း သိရသည်။

၎င်းတို့အားလုံးသည် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ အချိန်တွင် စစ်တွေက်ဖက်ကမ်းမှ ပေါက်တောနယ်သို့ စက်လှေ ၁ စီးအပါအဝင် စက်တပ်သမ္ဗာန် ၃ စီးဖြင့်ထွက်လာခဲ့စဥ် စကစရေတပ်နေဗီက လှမ်းခေါ်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်တွေမြစ်ကို ဖြတ်လာတာပါ၊ ​ရဖီးချပ်တောင် ​( အပေါက်ချေ )ဝအနားမှာအထိုင်ချထားတဲ့ စကစရေတပ်နေဗီက လှမ်းခေါ်တယ်၊ သူတို့လည်းသေနတ်နဲ့လှမ်းပစ်မှာကိုကြောက်လို့ သွားကပ်ရတယ်၊ ပြီးတော့နေဗီကဖမ်းဆီးသွားတာပါ” ဟု ဆိုသည်။

ဖမ်းဆီးခြင်းခံရသူများမှာ ပေါက်တောမြို့နယ် ဇီးချိုမော် ကျေးရွာမှ အဖ ဦးစိန်ကျော်ဝင်း၏သား အသက် ၃၁ နှစ်အရွယ် ဦးမောင်သန်းမြင့်၊ ကန်ပြင်ရွာမှ အဖ ဦးဂေါက်ရအောင်၏သား အသက် ၃၀ အရွယ် ဦးအောင်ကျော်လှ၊ အဖ ဦးမောင်စောဖြူ၏သား အသက် ၃၅ နှစ်အရွယ် ဦးဆန်းယဥ်မောင်၊ ​တောင်ချောင်ရွာမှ အဖ ဦး

မောင်ငယ်ချေ၏သမီး အသက် ၂၁ နှစ်အရွယ် မမိုးနွယ်ဆန်း နှင့် ဦးညီပုချေ၏သမီး ၂၅ နှစ်အရွယ် မမြတ်သူဇာ တို့ဖြစ်ပြီး တစ်ခြားအမည်မရသေးသော လူများလည်းပါရှိကြောင်း သိရသည်။

ပေါက်တောသို့ လာနေပြီဖြစ်၍ ထမင်းထည့်ချက်ထားဖို့ ဖုန်းဆက်ခဲ့ကြောင်း ပေါက်တောမှ အမည်မဖော်လိုသည့် ဖခင် တစ်ဦးက AB News သို့ပြောသည်။

“ကျနော့်သမီးက ကျနော့်ဆီကိုဖုန်းဆက်လာပါတယ်၊ သမီးတို့ပြန်လာနေပြီ၊ ထမင်းဟင်းတွေ ချက်ပြုတ်ထားလို့ ပြောတယ်၊ ခဏကြာတော့ ဆက်သွယ်လို့ မရတော့ဘူး၊ အိမ်သို့လည်း ရောက်မလာဘူး။ စုံစမ်းကြည့်တော့မှ နေဗီက ဖမ်းသွားတယ်ဆိုတာ သိရတာပါ” ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို စကစရေတပ်နေဗီဖြင့် စစ်တွေသို့ပြန်လည်ခေါ်ယူသွားခဲ့ပြီး အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးခံသည့်အထဲတွင်ပါဝင်သည့် အမျိုးသား ၃ ဦးသည် စစ်တွေမှ ငါးပုစွန်ရောင်းပြီးပြန်လာချိန်တွင် စကစ ၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး၊ မျိုးသမီး ၂ ဦးမှာလည်း ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့်လာခဲ့ပြီး ယင်းမှ တစ်ဆင့် ရွာသို့ပြန်လာချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ပေါက်တောမြို့နယ်ဖက်မှ စစ်တွေမြို့သို့ စက်လှေ ၁၆ စီးဖြင့် စျေးဝယ်ရန်လာသည့် ပြည်သူ ၅၃ ဦးကို ကိုးရီးယားဆိပ်ကမ်းအနီးတွင် ဗိုလ်မှူး ထိန်လင်း ဦးဆောင်သည့် စရယ ( ရန်ငြိမ်းအောင်) နေဗီက ဖမ်းဆီးသွားခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် ၎င်းတို့အထဲမှ ၄ ဦးအား ပြန်လည်လွှတ်ပေးခဲ့ ၄၉ ဦး ကို ရုံးတင်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

အလားတူ ကျောက်တလုံး IDPဒုက္ခသည်စခန်းမှ မူဆလင် ၁၃ဦးအပါအဝင် ဂုံးချွိန်ရွာမှ ရက္ခိုင်ပြည်သူ ၈ ဦးတို့သည် ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင် ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် များရောင်းရန် GTC အနီးမှ ဖြစ်သွားစဥ် လေယာဥ်ကွင်းအနီး၌ လုံခြုံရေးချထားသော စကစ အဖွဲ့မှ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အသက်မ​ပြည့်သေးသော ကျောင်းသူ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ ကျန်ရှိသောသူများအား ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဒေသန္တရဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများကို မတရားဖမ်းဆီးမှု နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိကာ ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူဆောင်ရွက်ခြင်းများပြုလုပ်လာသည်ကိုတွေ့ရသည်။

စစ်ကောင်စီ၏ တရားလက်လွတ် ဖမ်းဆီးမှုများကြောင့် ရက္ခိုင်ဒေသခံပြည်သူများမှ အသက် အိုးအိမ် လုံခြုံမှု ကင်းမဲ့လာကြရသည်ကို တွေ့မြင်နေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ