Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွနှင့် သံတွဲမြို့ များသို့ မင်းအောင်လှိုင် လာမည်ဟု သတင်းများထွက်ပေါ်နေ

ABN – ရှိုင်းမိုး

ရခိုင်​ပြည် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ဂွနှင့် သံတွဲမြို့များသို့ မင်းအောင်လှိုင် လာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မည်သည့်နေ့ရက်တွင်လာမည်ကိုမူ အတည်မပြုနိုင်သေးပေ။

ပြည်နယ်စစ်ကောင်စီကတော့ စစ်တွေ နှင့် သံတွဲမြို့တို့တွင်ရှိသည့် လမ်းဘေးစျေးဆိုင်များကို ဖယ်ခိုင်းထားသည်ဟုသိရသည်။

မင်းအောင်လှိုင်လာမည်ဟုဆိုကာ စစ်တွေမြို့ အဝင်ဂိတ်မှ လေယာဥ်ကွင်းဆင်းလမ်း လမ်းခွဆုံအထိ မေယုလမ်းမကြီးတစ်လျှောက်ရှိ စျေးဆိုင်များကို စစ်တွေမြို့ စည်ပင်သာယာအဖွဲ့မှ ဖျက်ခိုင်းထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၈ရက်နေ့ကစပြီး စစ်တွေမြို့ မေယုလမ်းမကြီးတစ်လျှောက်ရှိစျေးဆိုင်များကို စစ်တွေစည်ပင်အဖွဲ့မှ လာရောက်ပြီးဖယ်ရှားခိုင်းခဲ့သည်ဟုသိရသည်။

ဖျက်ခိုင်းခံရသည့် စျေးဆိုင်များမှာ ကွမ်းယာဆိုင်းများနှင့် လက်ဖက်ရည်ဆိုင်များဖြစ်​ကြပြီး ထိုစျေးဆိုင်များကို ဖျက်ချခိုင်းသည်မှာ ၇ ရက်ခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။

“ စည်ပင်က လာပြီးဖျက်ခိုင်းတာပါ၊ အများမကြာပါဘူး ၇ ရက်လောက်ပါပဲပြောပါတယ်၊ ပြီးရင် ပြန်ရောင်းလို့ရပါတယ်လို့ပြောခဲ့ပါတယ်၊ ကျွန်မတို့ကြားကတော့ လူကြီးရောက်မယ်လို့ကြားပါတယ်၊ ဘယ်နေ့ရောက်မယ်လို့လဲ မသိပါဘူး” ဟုပြောသည်။

သံတွဲမြို့တွင် မင်းဘာကြီးလမ်းဘေးတစ်လျှောက်ရှိစျေးဆိုင်များအပါဝင် အောင်မြေသာစည်ကျောင်းတိုက်နားအထိ စစ်ကောင်စီက လာရောက်ဖျက်ခိုင်းကြောင်းသိရသည်။

ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက စည်ပင်အဖွဲ့ဝင် များအပါဝင် စစ်ကောင်စီနှင့် ရဲသားတို့လာရောက်ပြီး ဇန်နဝါရီ ၈ရက်နေ့ကို နောက်ဆုံးထားပြီး ဖျက်ခိုင်းထားကြောင်းသိရသည်။

ဖျက်ခိုင်းခံရတဲ့ စျေးဆိုင်မှာ ၃၀နီးပါးရှိပြီး အများဆုံးမှာ ရခိုင်ရိုးရာ မုန့်တီဆိုင်နှင့် ထမင်းဆိုင်များဖြစ်ကြောင်းသိရသည်။

“ ရက်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်အဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲသားတွေလာပြီးဖျက်ခိုင်းတာပါ၊ ဇန်နဝါရီ ၈ ရက်နေ့ကို နောက်ဆုံးထားပြီး ဖျက်ပေးရမယ်ပြောပါတယ်၊ ကျွန်မတို့မှာ တစ်ရက်ရောင်းမှ တစ်ရက်စားနေရတာပါ၊ မင်းအောင်လှိုင်လာတာနဲ့ ငါတို့ဆိုင်ကိုဖျက်ရတာနဲ့ ဘာမှ မဆိုင်ပါဘူး” ဟုပြောသည်။

မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၀ ရက်နေ့ကတည်းက ကျောက်ဖြူမြို့ ခမရ ၅၄၂ တပ်ရင်းသို့ရောက်ပြီး ကျောက်ဖြူမြို့ စီးပွားရေးဇုန်၊ GTC ကျောင်းနှင့် ကျောက်ဖြူအခြေအနေကို စစ်ဆေးသွားမည်ဟု ကနဦးသတင်းထွက်ပေါ်ခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ပေ။

ထို့အပြင် မင်းအောင်လှိုင်နှင့်အတူ ထိုင်း စစ်ဦးစီးချုပ် ကိုယ်စားလှယ်လည်း သံတွဲမြို့သို့ ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွနှင့် သံတွဲမြို့ များသို့ မင်းအောင်လှိုင် လာမည်ဟု သတင်းများထွက်ပေါ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ