Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီမှ ဆေးကုသခွင့်ပိတ်ပင်ထား

စစ်တွေမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီမှ ဆေးကုသခွင့်ပိတ်ပင်ထား

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၉ ရက်

စစ်တွေမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီမှ ဆေးကုသခွင့်ပိတ်ပင်ခံထားရသည်ဟုသိရှိရသည်။

ဒေါ်ညိုအေးကို ယမန်နေ့ ၁၀ နာရီကျော်အချိန်က စစ်တွေမြို့တွဲဖက်မြို့နယ် တရားရုံတွင်ရုံးထုတ်ခဲ့စဥ် ကျန်းမာရေးဆိုးဝါးလာသောကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရသည်ဟုသိရှိရသည်။

ဒေါ်ညိုအေးတွင် သွေးတိုးရောဂါအခံရှိသောကြောင့် ယမန်နေ့က ရုံးထုတ်ချိန်တွင် သွေးတိုးရောဂါ ထဖြစ်သော်လည်း ဆေးကုသခွင့်မရခဲ့ကြောင်း သမီးဖြစ်သူ စောမြသန္တာက ပြောသည်။

“အရမ်း အရမ်းစိတ်ပူတယ်အမေ၊ ဒီလောက် သွေးတိုးတက်လို့ နေမကောင်းဖြစ်နေတာတောင် ကျန်းမာရေးအတွက် ဆေးကုသခွင့်မရဘူး” ဟုဆိုသည်။

နာတာရှည် သွေးတိုးရောဂါရှိပြီး အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဒေါ်ညိုအေးအား ထောင်ထဲတွင် ပုံစံ ၃ နာရီ ဆောင့်ကြောင့်ထိုင်ခိုင်းသည်မှာ ကျန်းမာရေးအတွက် လွန်စွာစိုးရိမ်ရပြီး ကြီးမားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း သမီးဖြစ်သူက ဆိုထားသည်။

“အသက်အရွယ်ကြီးပြီ ကျန်းမာရေကလည်း မကောင်းတဲ့ သွေးတိုးရောဂါသည်ကို ထောင်ထဲမှာ တစ်ရက်ကို ပုံစံ ၃ နာရီ ဆောင့်ကြောင့် ထိုင်ခိုင်းထားတာက ကျန်းမာရေးအတွက် အရမ်းစိုးရိမ်ရပါတယ်။ ပြီးတော့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးဖြစ်ပါတယ်” ဟု ပြောသည်။

အရေးပေါ်အခြေနေအရ ဆေးရုံတင်လိုက်ရသော်လည်း စစ်ကောင်စီမှ ဆေးကုသခွင့်မပေးဟု စစ်တွေဒေသခံ နောက်တစ်ဦးကပြောသည်။

“ဒီနေ့ရုံးထုတ်ပါတယ်၊ ဒါပေမယ့် အရီးက သွေးတိုးလို့ ချက်ချင်းဆေးရုံပို့လိုက်ရပါတယ်၊ ဓာတ်မှန်ရိုက်ခဲ့ပါတယ်၊ ဒါပေမယ့် ဆေးကုသခွင့်မပေးပါဘူး၊ အခုက အရေးပေါ်ဖြစ်သွားလို့ပါ၊ သူတို့ဆီက ဆေးကုသခွင့်တောင်းခံပါတယ်၊ မရပါဘူး” ဟုဆိုသည်။

ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ရက်နေ့က တရားသူကြီးမှ အမှုလက်ခံပြီး စွဲချက်တင်ကာ ရုံးချိန်းပေးခဲ့သည်။

ဒေါ်ညိုအေးကို သြဂုတ်လ ၁၅ရက်နေ့က အမှတ်(၁) ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် ရဲသားများနဲ့ လာရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ချက်ချင်းအမှုဖွင့်ပြီး အချုပ်ထောင်သို့ ပို့ဆောင်ခဲ့သည်။

သူမကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှတ် (၁) စခန်းမှူးမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က ဆန်ပြဿနာနေ့ကျင်းပသည်ကို ဒေါ်ညိုအေး တက်ရောက်ခဲ့ပြီး အတွေ့အကြုံများကို ဟောပြောခဲ့၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ