Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမှ ဘူးသီးတောင်၊ မောင်တော သို့ သွားသည့် ကုန်တင်ကားများအား စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပြန်လွှတ်နေ

စစ်တွေမှ ဘူးသီးတောင်၊ မောင်တော သို့ သွားသည့် ကုန်တင်ကားများအား စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပြန်လွှတ်နေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၁၃ ရက်

ရခိုင်ပြည်၊ မြို့တော်စစ်တွေမှ ဘူးသီးတောင်၊ မောင်တော သို့ သွားသည့် ကုန်ကားများအား စစ်ကောင်စီ၏ အငူမော်စစ်ဆေးရေးဂိတ်၊ အင်းဒင်စစ်ဆေးရေးဂိတ် နှင့် သုံးမိုင်စစ်ဆေးရေးဂိတ်များက ကုန်တင်ကားများကို စစ်ဆေးပြီး စစ်တွေသို့ ပြန်လွှတ်နေကြောင်း သိရသည်။

အငူမော် နှင့် မောင်တောသို့ သွားသည့်လမ်း၌ စကစနယ်ခြားစောင့်စစ်ဆေးရေးဂိတ် ၃ ခုက ကားသမားများကို စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ အချိန်မှ စပြီး ရေသန့် နှင့်မုန့်ဖာ ၂ မျိုးကိုသာ သွားလာခွင့်ပေးပြီး အခြားမည်သည့် ကုန်ပစ္စည်းကိုမှတင်သွင်းခွင့်မပေးကြောင်း စကစ တပ်ဖွဲ့ဝင်များပြောသည်ဟု အမည်မဖော်လိုသည့် ကားဂိတ်ပိုင်ရှင်တစ်ဦးက ABN သို့ပြောသည်။

“ဂိတ် ၃ ခုကအဓိကထားပြီးစစ်ဆေးပါတယ်၊ အထုတ်တွေဖွင့်တယ်၊ ရေသန့်ဘူးနဲ့ မုန့်ဖာတွေပါတဲ့ကားတွေဆိုသွားခွင့်ပြုတယ်၊ အိမ်ဆောက်ပစ္စည်းတွေ၊ သံချောင်းတွေ၊ မီးစက်တွေ၊ ဆီတွေပါရင်သွားခွင့်မပြုပါဘူး၊ စစ်တွေသို့ပြန်လွှတ်ပါတယ်၊ ကျနော်တို့ဘာပစ္စည်းတွေတင်ပို့ရမှာလဲ၊ အသွားအပြန်စရိတ်ကုန်ကျတယ် “ဟု ဆိုသည်။

စစ်တွေရေချမ်းပြင်ဆိပ်မှ အငူမော်ဆိပ်ကမ်းသို့ ကုန်စည်ပို့နေသည့်ကားသမားများမှာ ကုန်ကားတစ်စီးတင်ဆောင်ခစရိတ် ၂ သိန်းကျော်အထိရှိနေသဖြင့် ကုန်ကားများကို သွားလာခွင့်မပြုဘဲ ပြန်လွှတ်နေသည့်အတွက် လမ်းစရိတ်များကုန်ကျမှုအခက်အခဲတွေ့နေရကြောင်းသိရသည်။

စစ်တပ်စစ်ဆေးရေးဂိတ်များက မည်သည့်အကြောင်းကိစ္စဖြင့်တားမြစ်နေသည်ကိုတိတိကျကျမသိရသည့်အပြင် တင်ပို့၍ မရသည့် ကုန်ပစ္စည်း စာရင်းကိုလည်း ထုတ်ဖော်ထားခြင်းမရှိဟု ကုန်ပစ္စည်းတင်ကားဂိတ်ပိုင်ရှင်က ဆက်ပြောသည်။

၎င်းဂိတ်များက တား​မြစ်ကုန်ပစ္စည်းများကို စာထုတ်၍ သေသေချာချာလုပ်ဆောင်လျှင် ၎င်းတို့ဖက်မှလည်း တင်ပို့၍မရသည့်ကုန်များကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၎င်းကဆက်၍ ပြောသည်။

“တားမြစ်ကုန်တွေကို သေချာသတ်မှတ်ပေးစေချင်ပါတယ်၊ ကျနော်တို့ဖက်ကလည်းထိန်းလို့ရတာပေါ့၊ အခုက ဟိုကုန်ကိုလည်းပါးစပ်နဲ့တားမြစ်တယ်၊ ဒီကုန်ဆိုရင်လည်း ပါးစပ်နဲ့တားမြစ်တယ်၊စာရွက်ထုတ်ပေးဆိုရင်လည်းမပေးဘူး၊ တင်ပို့မယ့်ကုန်တောင်မရှိတော့ဘူး “ဟု ဆိုသည်။

ဂိတ် ၃ ခုမှ စကစအဖွဲ့ဝင်များသည် တစ်ချို့ကုန်ကားများကိုဆိုလျှင် ငွေကြေးပိုပေးလျှင် သွားလာခွင့်ရနေရပြီး မရှိဆင်းရဲသူများ အသက်မွေးဝမ်းကျောင်းအနေဖြင့်ကားမောင်းသမားလုပ်ကိုင်နေရသူများမှာ ငွေကြေးမပေးနိုင်ကာ အခက်အခဲတွေ့နေရကြောင်း တွေ့ရသည်။

ယခုလိုစစ်ဆေးပြီးပြန်လွှတ်​နေမှုကြောင့် မောင်တော နှင့် ဘူးသီးတောင်ဖက်သို့စီးဆင်းရာကုန်စည်တစ်ချို့ရပ်တန့်လာနိုင်သည့်အခြေအနေတွင်ရှိနေပြီး စားဝတ်နေရေးခက်ခဲ ကျပ်တည်းလာနိုင်ကြောင်း ချိန်ကလိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ABN သို့ပြောသည်။

“စားသောက်ကုန်တွေကအစ စစ်ဆေးလာပါတယ်၊ ဆန်တွေလည်းစစ်ဆေးပါတယ်၊ ကျမတို့ဘယ်လိုဝယ်ယူရမလဲမသိတော့ဘူး၊ အခုလိုထပ်ပြီးစစ်ဆေးလာရင် စားဝတ်နေရေးပိုင်းမှာ အခက်အခဲရှိလာနိုင်တယ်” ဟု ဆိုသည်။

ရသေ့တောင် နှင့် စစ်တွေမှ အဓိကသယ်ယူနေသည့် ကုန်စည်များသည် မောင်တောသို့အချိန်မှီတင်ပို့နိုင်ခြင်းနည်းပါးလာသည့်အတွက် ကားသမားများနှင့် ပြည်သူများသည် လွန်စွာအခက်အခဲကြုံလာနေကြောင်း သိရသည်။

ထိုလမ်းကိုအသုံးပြုမှီခိုနေရသည့် ရွာပေါင်း ၅၀ ကျော်မှပြည်သူများသည် စားဝတ်နေရေးအခက်အခဲရှိလာမှု၊ စီးပွားရေးကျဆင်းလာမှု၊ ပညာရေး နှင့် ကူးသန်းရောင်းဝယ်ရေးပိုင်းတွင် အခက်ကြုံလာရမည်ဖြစ်သည်။

လက်ရှိတွင် ခရီးသွားပြည်သူများကို စကစ စစ်ဆေးရေးဂိတ်များက သြဂုတ်လအတွင်းမှနေပြီး စတင်စစ်ဆေးမှုများတင်းမာလာခြင်း၊ ပိတ်ဆို့နေမှုများ ထပ်မံပြုလုပ်လာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ