Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ မကျဥ်းမြိုင် အကွက် ၆ တွင် မြို့နယ်စည်ပင်မှ လုပ်ပေးသည့် ကွန်ကရစ်လမ်း၌ ရေစီးကြောင်း မပါရှိသောကြောင့် မိုးရွာလျှင် ရေပိတ်ဆို့မှုဖြစ်၊ ရပ်ကွက်နေပြည်သူများ အခက်တွေ့နေ

ABN-နွယ်စိုး

ဇွန် ၁၂ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ မကျဥ်းမြိုင်အကွက် ၆ တွင် မြို့နယ်စည်ပင်မှ ကွန်ကရစ်လမ်းခင်းရာတွင် ရေစီးကြောင်း မဖောက်ခဲ့သည့်အတွက် မိုးရာသီတွင် ရေစီးဆင်းမှု မရှိသောကြောင့် ရေများပိတ်ဆို့ကာ ရပ်ကွက်တွင် နေထိုင်သူများ အခက်အခဲကြုံနေရသည်ဟု သိရသည်။

ထိုလမ်းကို ပြီးခဲ့သည် ၂၀၂၂ခုနှစ် စက်တင်ဘာလက ကွန်ကရစ် လမ်းခင်းခဲ့ပြီး ထိုလမ်း၌ ရေများစီးဆင်းရန် ရေးစီးကြောင်း မလုပ်ပေးခဲ့မှုကြောင့် ရေများပိတ်ဆို့ကာ အညစ်အကြေးများဖြစ်နေသောကြောင့် ပြည်သူများမှာ နေထိုင်ရန် အခက်အခဲရှိနေကြောင်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ABNသို့ ပြောသည်။

” အဲဒီလမ်းလုပ်တာ မနှစ်ကပါ၊ ကွန်ကရစ်လမ်းတော့ လုပ်ပေးပါတယ် ဒါပေမယ့် ရေစီးဆင်းဖို့ ရေစီးကြောင်း မဖောက်ခဲ့ပါဘူး၊ အဲဒါကြောင့် ရေတွေပိတ်ဆို့ပြီး အနံ့ဆိုးတွေလည်းထွက်လာပါတယ်၊ ကျွန်မတို့ အပြင်သွားဖို့ဆိုရင်လည်း အိမ်အောက်က ရေပြည့်နေတော့ ထွက်ဖို့ခက်ခဲပါတယ်၊ ပြီးတော့ အခုလိုမိုးရာသီဆို ပိုလို့ အခက်တွေ့ပါတယ်၊ မိုးတစ်ကြိမ်နှစ်ကြိမ်ရွာတာနဲ့တင် ရေနစ်မြုပ်သွားတယ်၊ ဘယ်လိုမှ အဆင်မပြေပါဘူး ” ဟု ၄င်းက ဆက်ပြောသည်။

ပိတ်ဆို့နေသောရေများမှ အပုတ်နံ့များကြောင့် ရပ်ကွက်တွင်း နေထိုင်သူများမှာ ကျန်းမာရေး ထိခိုက်မှုများပါ ရှိလာနေကြကြောင်း နောက်ထပ် ရပ်ကွက်သား တစ်ဦးက ပြောသည်။

“ရေစီးကြောင်း မရှိတော့ ရေတွေပိတ်တာပေါ့၊ရေက ဒီအတိုင်း ပိတ်နေတယ် စီးဆင်းဖို့နေရာလည်းမရှိပါဘူး၊ ကြာလာတော့ အဲဒီ့ညစ်ပတ်တဲ့ရေတွေက လာတဲ့ အနံဆိုးတွေကြောင့် ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်ရပါတယ်၊ မိုးရာသီတွေမှာ ဘယ်လမ်းမှာမဆို ရေစီးကြောင်း မရှိရင် အဆင်မပြေပါဘူး၊ ပြီးတော့ အဲ့ဒီမကောင်းတဲ့ရေတွေမှာ အမှိုက်တွေ ခြင်ကောင်တွေ ပိုးမွှားတွေ ရှိတော့ ပိုအဆင်မပြေပါဘူး” ဟု ပြောသည်။

စစ်တွေမြို့ရပ်ကွက် တစ်ချို့တွင်လည်း မိုးရွာသွန်းလျှင် လမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ